News

POST TYPE

ABOUT US

ချစ်ခြင်းတရားအတွက် ပေးသည့်လုပ်အား
20-Aug-2017 tagged as

ဂျော်ဂျီယာပြည်နယ် အီလီဂျေးမြို့က အိမ်ကလေးသည် အလွန်ကျပ်ပါပေသည်။ ကျပ်ဆို  မိသားစုဝင်ကလည်း အတော်များသည်။ ထိုအိမ်ကလေးကို ဦးဆောင်မောင်းနှင် လည်ပတ်နေသူက ကာမီလီဂျရယ်ဒီ ဖြစ်ပါသည်။ အနည်းဆုံး ကလေး အယောက် ၂၀ ကျော် မွေးစားထားသည့် မိသားစုအိမ်လေး ဖြစ်သည်။ ထူးဆန်းသည်က မွေးစားထားသော ကလေးများ အားလုံးသည် ဉာဏပိုင်းဆိုင်ရာ မသန်စွမ်းသူများ ဖြစ်ကြသည်။ အဘယ့်ကြောင့် ထိုသို့မသန်စွမ်းကလေးများကို မွေးစားထားသနည်း။ အိမ်ကလေး၏ မြင်ကွင်းသည် မောင်နှမများစွာနှင့် ပျော်စရာကြီး ဖြစ်နေသည်။ သပ်ရပ်စွာ လျှော်ဖွပ်ခေါက်သိမ်းထားသော အဝတ်အစားများစွာက စင်ပေါ်မှာ ထပ်ထားသည်။ ညစာအတွက်ဆို အများကြီး ချက်ရသည့် မိသားစု ဖြစ်သည်။ 

ဂျရယ်ဒီနှင့် ခင်ပွန်းသည် မိုက်တို့က ထိုကလေးများစွာကို မွေးစားထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်လေးခုလုံး သူတို့စုံတွဲသည် ကလေးပေါင်း ၈၈ ဦးကို မွေးစားခဲ့ခြင်း ဖြစ်သည်။ တကယ့်ပေါက်စ လေးဘဝကတည်းက အပင်ပန်းခံကာ မွေးစားခဲ့ကြခြင်း ဖြစ်ပေသည်။ “တချို့ကလေးတွေဆိုရင် သေခါနီးအထိ ပါပါတယ်။ ဒါပေမဲ့ သူတို့ အတော်များများဟာ  အသက်ရှင် ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်” လို့ အသက် ၆၈ နှစ်အရွယ် ဂျရယ်ဒီက CNN ကို ပြောပြသည်။ မွေးစားထားသည့် ကလေးအတော်များများတွင် ဉာဏ်ရည်မသန်စွမ်း ကလေးများလည်း ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုမျိုးစုံ ဖြစ်သည်။ “ကလေးတစ်ဦးဟာဆိုရင် ဦးနှောက်ဝေဒနာနဲ့ မွေးလာခဲ့တယ်။ သူ့ကို ကျွန်မတို့ ခေါ်ယူစောင့်ရှောက်ပါတယ်။ သူဟာ ၂၅ နှစ်အထိ နေထိုင်သွားခဲ့ပြီး  အိပ်ရာပူမိတဲ့ ဒဏ်ရာတစ်ချက်မှ မရသွားပါဘူး” ဟု ဂျရယ်ဒီက ပြောပြသည်။ 

သူတို့စုံတွဲက အဆိုပါ ကလေးများကို ခေါ်ယူမွေးစား ပြုစုပေးရသည်ကို ချစ်ခြင်းတရားအတွက် ပေးသည့်လုပ်အား labor of love ဟု အမည်ပေးထားကြသည်။ သူနာပြုဆရာမတစ်ဦး ဖြစ်သော ဂျရယ်ဒီသည် မီယာမီဆေးရုံရှိ ကလေးအထူးကု ဆရာဝန် မိုက်ခ်နှင့် မတွေ့ဆုံရသေးကတည်းက အဆိုပါ ချစ်ခြင်းတရားအတွက် ပေးသည့်လုပ်အားကို စိုက်ထုတ်အစေခံခဲ့ခြင်း ဖြစ်သည်။ အပျိုဘဝ ကတည်းက ကလေးသုံးယောက် ရထားပြီး ဖြစ်သည်။ မသန်စွမ်း ကလေးသုံးဦးကို ခေါ်ယူကြည့်ပေးထားခြင်း ဖြစ်ပါသည်။ “မိုက်ခ်က ကျွန်မကို လက်ထပ်ခွင့် တောင်းတုန်းက ကျွန်မက မသန်စွမ်းကလေးတွေအတွက် ဂေဟာလေးတစ်ခု ထောင်ချင်တယ်လို့ သူ့ကို ပြောပြတယ်။ သူက ကျွန်မရဲ့ အိပ်မက်နောက်ကို လိုက်ပါ့မယ်လို့ ကတိပြုပါတယ်” ဟု ဂျရယ်ဒီက ပြောပြသည်။ 

သေအံ့မူးမူး ကလေးငယ်များကို ခေါ်ယူပြုစုပေးရင်း ဖိတ်စဉ်သွားသည့် ကလေးများလည်း ရှိပါသည်။ သို့သော် သူတို့ ရအောင်ရှေ့ဆက်ရင်း စောင့်ရှောက်ပေးလာကြသည်။ ကလေးများကို အိမ်အလုပ်လည်း ဝင်လုပ်တတ်အောင် သင်ကြားပေးသည်။ သူတို့ကို မိဘအိမ်မှာ နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်လာအောင် သင်ပြပေးပါသည်။ “ဘယ်ဘောင်းဘီတိုက ဘယ်ကလေးရဲ့ ဟာလဲဆိုတာကို သူတို့ ချက်ချင်းသိပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် အတတ်နိုင်ဆုံး ရပ်တည်နိုင်အောင် သူတို့ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်” ဟု ဂျရယ်ဒီက ဆိုသည်။ သူတို့ မွေးစားခဲ့သည့် ကလေးများထဲမှ အသက်အကြီးဆုံး ကလေးပင်လျှင် အသက် ၃၂ နှစ် ရှိသွားပြီ ဖြစ်ပါသည်။ ဒါလင်းဟု အမည်ရသည့် ထိုအမျိုးသမီးငယ်သည် ဖလော်ရီဒါရှိ အစုအဖွဲ့ အိမ်ရာတွင် နေရာရလေပြီ။ လက်ရှိမွေးစားထားသည့် ကလေးများထဲမှ အငယ်ဆုံးသည် အသက် ၈ နှစ်အရွယ် အစ္စဘယ်လာ ဖြစ်ပါသည်။ ကိုကင်းစွဲနေသော မိဘထံမှာ မွေးလာပြီး ကလေးသည် နားမကြား၊ မျက်စိလည်း မမြင်ခဲ့ပါ။ ယနေ့အခါ သူမသည် ဂျရယ်ဒီ၏ စောင့်ရှောက်မှုအောက်တွင် ပထမတန်း ကျောင်းသူကြီး ဖြစ်နေလေပြီ။ ဂျရယ်ဒီတို့ စုံတွဲတွင် ကိုယ့်သွေးသားမှ ဖြစ်သော သမီးအရင်း နှစ်ဦး ရှိပါသည်။ တစ်ယောက်သော သမီးဖြစ်သည့် ဂျက်ကလင်းသည်လည်း ဦးနှောက်ထိခိုက်မှုဖြင့် မွေးလာသူ ဖြစ်သည်။ ယခုအခါ သူမသည် အသက် ၄၀ ရှိပြီ ဖြစ်ကာ မိခင်တစ်ဦး ဖြစ်နေပြီး သူနာပြုဆရာမတစ်ဦးအဖြစ် အသက်မွေးပါသည်။ 

ဂျရယ်ဒီသည် ကလေးများအတွက် မနားမနေ ပြုစုစောင့်ရှောက်သူ ဖြစ်သည်။ ကလေးများစွာ၏ မိခင်နေရာယူရခြင်းသည် လွယ်လှသည့် အလုပ်တော့ မဟုတ်ပါပေ။ ၁၉၉၂ တွင် ဟာရီကိန်း အန်ဒရူးက သူမတို့ အိမ်ကလေးကို ပြားချပ်အောင် တိုက်ပစ်လိုက်သည်။ ကလေးများက အဆင်ပြေကြပါပေသည်။ သို့သော် အိမ်ကိုတော့ တခြားနေရာရွှေ့လိုက်ရသည်။ သူတို့အားလုံး ခက်ခဲပင်ပန်းခဲ့ကြရသည်။ ၂၀၁၁ ခုနှစ်တွင်လည်း တစ်မိသားစုလုံး အပျော်ခရီး စခန်းချထွက် ကြသည်။ အိမ်ကို မိုးကြိုးပစ်လေရာ အိမ်မီးလောင်ပြီး ကားများပါ ပျက်စီးသွားသည်။ ပို၍ ဆိုးသည်မှာ ကလေးများ၏ လုံခြုံပျော်ရွှင်ပါသည်ဆိုသော စိတ်ခံစားချက်ပင် ထိခိုက်ခဲ့ရခြင်း ဖြစ်ပါသည်။ သူတို့ လင်မယားသည် ကလေးများအတွက် အိမ်အသစ် ရရှိအောင် ခြစ်ကုတ်ပြီး ကြိုးစားခဲ့ကြရသည်။ သို့ဖြင့် ဂျော်ဂျီယာရှိ အီလီဂျေး မြို့လက်ရှိအိမ်ကို ရကြခြင်းဖြစ်ပါသည်။ အထူးစောင့်ရှောက်မှုများ လိုအပ်နေသော မွေးကင်းစကလေးများကို ဆက်လက်လက်ခံပေးနေဆဲ ဖြစ်သည်။ အချို့က သေသွားသည်။ အချို့က အရွယ်ရောက်လာသည်။ အချို့ဆို လူကြီးဖြစ်လို့ အိမ်တောင်ခွဲသွားကြလေပြီ။ 

ပြီးခဲ့သည့်နှစ်က ကာမီလီဂျရယ်ဒီ၏ ခင်ပွန်းသည် ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။  မိုက်ခ်ကွယ်လွန်တော့ ကလေးများစွာ ဝိုင်းနေသည့် အိပ်ရာပေါ်တွင် ဖြစ်သည်။ ကာမီလီဂျရယ်ဒီ တကယ်ပင် သတ္တိရှိခဲ့ပါသည်။ “ကျွန်မ မငိုနိုင်ခဲ့ဘူး။ ကလေးတွေ စိတ်ဓာတ်ကျသွားမှာ စိုးရိမ်လို့ပါ” ဟု ပြောပြသည်။ 

ယနေ့အထိ သူတို့ မိသားစုက ခိုင်မာအားကောင်းဆဲဖြစ်သည်။ ရန်ပုံငွေက ကျပ်တည်းသည်။  သို့သော်လည်း ရှေ့ဆက်နေကြဆဲ။ ဖောင်ဒေးရှင်းများ၏ ထောက်ပံ့မှုဖြင့် မိသားစုက ရှေ့ဆက်နေကြသည်။ စေတနာ့ဝန်ထမ်းများက သူတို့အိမ်ကို လာကူပေးကြသည်။ တစ်ရက်တော့ သူငယ်ချင်းတစ်ယောက်က ဂျရယ်ဒီကို အပျော်စီးသင်္ဘော ခုနစ်ရက်စာ စီးပြီး နားရန် လက်မှတ်ဝယ်ပေးသည်။ “လှေပေါ်မှာ ကျွန်မ အနားယူတယ်လေ။ ခုနစ်ရက်လောက်  ကောင်းကောင်းအိပ်လိုက်တယ်။ ကျွန်မ တော်တော်ပင်ပန်းနေခဲ့တာပဲ” ဟု ဂျရယ်ဒီက ဆိုသည်။ ဟုတ်ပါသည်။ သူမ ပင်ပန်းနေပါသည်။ သို့သော် စိတ်အားတက်ကြွဆဲ ဖြစ်သည်။ 

သန့်ဇင်စိုး

  • TAGS