News

POST TYPE

ABOUT US

တံတားပေါ်က ဦးရဲကြီး
21-Aug-2016

ကျွန်တော်က ရဲတပ်ကြပ်ကြီး ကီဗင်ဘရစ်ဂ်ျပါ။ ကျွန်တော်ဟာ မကြာသေးခင်ကမှ ကယ်လီဖိုးနီးယား အဝေးပြေးလမ်းပိုင်း လုံခြုံရေး ရဲဌာနက ပင်စင် စားထားတာပါ။ ၂၃ နှစ်လောက် ပုလိပ် လုပ်ခဲ့ပါတယ်။ ၂၃ နှစ်တာ ကာလလုံးမှာ မာရင်ခရိုင်ဒေသရဲ့ တောင်ပိုင်းတစ်ခွင် ပြဲပြဲစင်အောင် ကင်းလှည့် ခဲ့ရပါတယ်။ ဂိုးဒင်းဂိတ် တံတားကြီးလည်း ပါတာပေါ့ခင်ဗျာ။ ဒီ တံတားကြီးဟာ ဆိုရင်ဖြင့် ဆန်ဖရန်စစ္စကို၊ ပစိဖိတ် သမုဒ္ဒရာတို့ရဲ့ လှပတဲ့ ရှုခင်းတွေကြောင့် နာမည်လည်း ကျော်ပါရဲ့။ ဗိသုကာ လက်ရာကလည်း အံ့ လောက်စရာကိုး။ 

ကံမကောင်း အကြောင်း မလှစရာကတော့ တံတားဟာ သိပ်ကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် ဘဝကူးအောင် လုပ်ချင်စရာ နေရာ ဖြစ်နေတာပါပဲ။ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မာလကီးယားအောင် လုပ်တဲ့နေရာမှာ အသုံးပြု အများဆုံး ခံရတဲ့ နေရာ တစ်ခုအဖြစ် စာရင်း ဝင်ပါတယ်။ ဂိုးဒင်းဂိတ် တံတားကြီးဟာ ၁၉၃၇ ခုနှစ်မှာ ဖွင့်ခဲ့တာပါ။ တံတားကြီးရဲ့ အင်ဂျင်နီယာချုပ်ကတော့ တံတားပေါ်ကနေ သေကြောင်း ကြံစည်မှုတွေ ဖြစ်ဖို့ ဝေလာဝေးလို့ အာမဘန္တေတွေ ပြောသွားလေရဲ့။ ဒါပေမဲ့ ဒီတံတားကြီး စဖွင့်ကတည်းက လာလာခုန်ချပြီး သေသွားတဲ့သူ ၁၆ဝဝ ကျော်ပါပြီကောလားဗျာ။ တံတားဘောင်ပေါ်ကနေ ခုန်ချလိုက်တာနဲ့ နောက်ထပ် တစ်ဘဝကို ကူးသွားပြီးတော့ စိုးရိမ်မှုတွေ၊ ပူဆွေးမှုတွေဟာ နေလာ နှင်းပျောက်သလို ပျောက်သွားမယ်လို့ ထင်တော် မူကြတာကိုးဗျ။ 

ဒါပေမဲ့ တံတားပေါ်က ခုန်ချလိုက်လို့ကတော့ ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိသေးရင် ပြောပြမယ် ခင်ဗျ။ လေး ငါး စက္ကန့်လောက်တော့ ဝေဟင်မှာ လေယာဉ်စီး ယီးလေးခိုပေါ့လေ။ ရေပြင်နဲ့ တိုက်မိတော့ တစ်နာရီကို ၇၅ ငါးမိုင်နှုန်း အရှိန်နဲ့ပါ။ ဒီထိခိုက်မှုက အရိုးတွေ ကြေကုန်မယ်၊ ကိုယ်တွင်း ကလီစာတွေ ပြုတ်ပြုတ်ပြုန်း ကုန်မယ်။ ဒါနဲ့ပဲ အများစုက ကွယ်လွန်သွားကြတာပေါ့။ မသေတဲ့လူကတော့ မလှုပ်နိုင် ဖြစ်နေတဲ့အချိန် ရေနစ်တော့တာပဲဗျို့။ ဒီလိုနည်းနဲ့ သေရတာ ဘယ်လောက် မသာမျက်နှာ ပျက်ရတယ် ဆိုတာ တံတား လှတပတကြီးပေါ်ကနေ လာခုန်ချတဲ့ ပုဂ္ဂိုလ်များ သိကြမယ် မထင်ပေါင်။ တံတား သံဘောင် က ၃၂ လက်မ ကျယ်တယ်။ သေကြောင်းကြံမယ့် လူတွေက သူတို့ဘဝရဲ့ ခက်ခဲကျပ်တည်း ထွက်ပေါက် ပိတ်ပါတယ်ဆိုတဲ့ အရာကြီးကို အရှုံးပေး တာ့တာမပြခင် အဲဒီ ဘောင်ကြီးပေါ်မှာ ရပ်ကြတယ်။ ဘောင်ပေါ် ရောက်သွားတဲ့ လူကို ဒီဘက် ပြန်လာအောင် ပြောရတာ သိပ်ခက်လွန်းပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ခဲ့တာတွေလည်း ရှိသလို၊ ခုန်ချသွားသူတွေလည်း ရှိပါတယ်။ 

ကျွန်တော့် အလုပ်က လူဆိုး ဖမ်းရတာ မဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ လူတွေကို စကားလိုက် ပြောရတဲ့ ရဲ ဖြစ်လာတာပေါ့ဗျာ။ ရာထူးတော့ ပေးထားတယ်ဗျ။ သေကြောင်းကြံမှု ကာကွယ်ရေး နှစ်သိမ့်ဆွေးနွေးသူတဲ့။ ကျွန်တော်ဟာလည်း တကယ်တော့ သေတွင်းက ခဏခဏ ထွက်လာတဲ့ လူပါ။ ကင်ဆာ ဝေဒနာကနေ ရှင်ကျန်တဲ့သူပါ။ နှလုံးလည်း ခဏခဏ ခွဲဖူးတော့ သေမင်းနဲ့ မလှမ်းမကမ်းကို ခဏခဏ ရောက်ဖူးပါတယ်။ ကျွန်တော် သူတို့ကို ကိုယ်ချင်းစာပါတယ်။ သေကြောင်းကြံတဲ့ ရာပေါင်း များစွာသော လူတွေနဲ့ မီးစင်ကြည့်က စကားပြောရတာတွေ ခဏခဏ လုပ်ရပါတယ်။ တချို့က ခုနစ်မိနစ်လောက်ပဲ စကား ပြောလိုက်ရတယ်။ တချို့နဲ့တော့ တံတားပေါ်မှာပဲ ခုနစ်နာရီလောက် ကြာအောင် စကား ပြောလိုက်ရတယ်။ မအောင်မြင်ခဲ့တာတွေလည်း ရှိတာပေါ့ဗျာ။ ကျွန်တော်ကတော့ ဒီယောက်ျားတွေ၊ မိန်းမတွေ သံဘောင်ပေါ်က ပြန်ဆင်းလာအောင် လုပ်တတ်သမျှ အကုန် လုပ်ရတော့တာပဲ။ ၂ဝ၁၃ ကမှ ပင်စင် ယူလိုက်တာပါ။ တံတားပေါ်မှာ စလုပ်ရတုန်းက ဘာသင်တန်းမှ မတက်ဖူးဘူးဗျ။ ဖုန်းသံ ကြားပြီဆိုရင် တံတားပေါ်ကို ပြေးရတယ်။ ခုတော့ လုပ်သက်ရင့် ရဲကြီးတွေနဲ့ စိတ်ပညာရှင်တွေက အရာရှိ အသစ်တွေကို သင်တန်းပေးရတာပေါ့။ 

လူတစ်ယောက် သေကြောင်း ကြံသွားပြီဆိုရင် အားလုံး ပြီးသွားတာ မဟုတ်ပါဘူး။ လူ တော်တော်များများကို ထိခိုက်မှုတွေ ရှိသွားတတ်ပါတယ်။ ခင်ဗျားတို့ကို မေးကြည့်ပါရစေ။ တစ်ယောက်ယောက်က သေကြောင်း ကြံတော့မယ်ဆိုရင် ဘာတွေပြောမလဲ။ ဘယ်လို သံဘောင်ပေါ်က ဆင်းအောင် လုပ်ကြမလဲ။ ကျွန်တော့် အတွေ့အကြုံအရတော့ ပြောတာထက် နားထောင်တာက အလုပ် ဖြစ်ပါတယ်။ နားလည်အောင် နားထောင်ပေးပါ။ သူတို့ကို အပြစ် မတင်နဲ့။ မငြင်းပါနဲ့။ သူတို့ ဘယ်လို ခံစားနေရတယ်ဆိုတာ ခင်ဗျားက သိပ်ကို နားလည်ပါတယ်လို့ သွားမပြောပါနဲ့။ ဘာလို့လဲဆိုတော့ ခင်ဗျား နားမလည်နိုင်လို့ပါ။ ရှိနေပေးပြီး ဘယ်လိုအရာက သူ့ကို ပြန်ဆင်းလာအောင် လုပ်နိုင်တယ်ဆိုတဲ့ အချက်ကို ရသမျှ အချိန်မှာ ရှာပါဗျာ။ တစ်ယောက်ယောက် သေကြောင်းကြံဖို့ လုပ်နေပြီဆိုရင် သူနဲ့ စကားလေး သွားပြောဖို့ မလန့်ပါနဲ့။ မေးခွန်းလေးတွေ သွားမေးပါ။ “ဘဝတော့ ဆုံးပါပြီဆိုတဲ့ အခြေအနေမျိုးများ တွေးမိနေသလားဗျာ'' ဆိုတဲ့ မေးခွန်းမျိုးပေါ့။ စကား ပြောပေးခြင်းအားဖြင့် သူတို့အသက်ကို ကယ်ကောင်း ကယ်နိုင်ပါတယ်။ ဘယ်တော့မှ အခြေအနေ ကောင်းလာတော့မှာ မဟုတ်ဘူးလို့ ထင်နေတဲ့ မျှော်လင့်ချက် မဲ့တာလား၊  ကိုယ် ဘာမှ မလုပ်နိုင်တော့ဘူးလို့ မြင်လာတဲ့ မျှော်လင့်ချက်မဲ့မှုလား၊ ကိုယ့်လူမှု အသိုင်းအဝိုင်းမှာ ရပ်တည် မရတော့အောင် နာမည် ပျက်တာလား၊ ဘဝကို နေချင်စိတ်ကို မရှိတော့တာလား ဆိုတာကို ကိုယ်က အဓိပ္ပာယ် ဖော်ကြည့်ပေါ့ခင်ဗျာ။

ပြန်ပြီးတော့ ဘဝဘက်ကို ခြေဦး လှည့်ခဲ့ကြသူတွေ၊ သေဆုံးသူတွေရဲ့ မိသားစုတွေရဲ့ ကျေးဇူးတင် စကားတွေကြောင့် ဒီအလုပ်ကို စိတ်နှစ်ပြီး ကျွန်တော် ဆက်လုပ်ခဲ့ပါတယ်။ ကျွန်တော် တစ်ရက် မော်တော် ဆိုင်ကယ်နဲ့ တံတားပေါ် ပတ်နေတုန်း ကီဗင်ဘာသီရာဆိုတဲ့ လူတစ်ယောက် မတ်တတ် ရပ်နေတာကို တွေ့ခဲ့ပါတယ်။ သူဟာ တံတားဘောင်ပေါ်က ပိုက်လုံးတစ်ခုပေါ် တက်ရပ်လိုက်ပါတယ်။ နောက် တစ်နာရီခွဲလောက် ကြာအောင် ကျွန်တော်လည်း သူ့နားကို သွားပြီး နားထောင်ခဲ့ပါတယ်။ သူက သူ့မျှော်လင့်ချက်မဲ့မှုတွေ၊ စိတ်ကျမှုတွေကို ပြောပြပါတယ်။ ကျွန်တော်နဲ့  တော်တော်လေး စကားပြောပြီးတော့ ကီဗင်ဟာ ဘဝသစ်ကို ပြန်စဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ပြန်ဆင်းလာတော့ ကျွန်တော် သူ့ကို ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ “ဘဝသစ်က ကြိုဆိုပါတယ် ကိုယ့်လူရေ”လို့ ပြောလိုက်ပြီး “ဘာကြောင့်များ ဆရာသမားက ပြန်ဆင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့တာလဲ”ဆိုပြီး မေးလိုက်တာပါ။ သူက ပြောပါတယ်။ “ဦးရဲကြီးက ကျွန်တော့်ကို စကား ပြောခွင့်ပေးတယ်။ ပြီးတော့ နားထောင်ပေးတယ်”တဲ့။ 

ကျွန်တော်တို့ ရဲတွေ သေသေချာချာလေး နား ထောင်ပေးလိုက်တဲ့ နားထောင်ပေးခွင့် ရလိုက်တဲ့ လူအများစုက သံဘောင်ပေါ်က ပြန်ဆင်း လာကြပါတယ်။ တံတားပေါ်က ခုန်ချ သွားခဲ့သူတွေသာ အသက်ရှင်ပြီး ပြောခွင့် တစ်ခုခု ရတယ်ဆိုရင် သူတို့ အမှား လုပ်မိတာ ဖြစ်ကြောင်း သူတို့ အသက်ရှင်လိုကြတယ်ဆိုပြီး ပြောကြမှာပါ။  တံတားဟာ မာရင်ခရိုင်နဲ့  ဆန်ဖရန်စစ္စကိုကိုပဲ ချိတ်ထားတာ မဟုတ်ပါဘူး။ လူတွေ အားလုံးကို ချိတ်ဆက် ပေးထားတာပါ။ လူ တစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ချိတ်ဆက်မှု သို့မဟုတ် တံတားကိုလည်း ကျွန်တော်တို့ ထိုးသင့်ပါတယ်။ ကူညီဖေးမမှုဆိုတာ ရှိတယ်။ မျှော်လင့်ချက်ဆိုတာလည်း ရှိပါတယ်။

သန့်ဇင်စိုး

  • VIA