News

POST TYPE

2020 ELECTION

နိုင်ငံတကာသံရုံးများအရှေ့တွင် အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြ
10-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၀

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ အရှိန်မြှင့်လာပြီး ဆန္ဒပြသူများအနေနှင့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံတကာသံရုံး များတွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ ကြသည်။

အမေရိကန်သံရုံး၊ တောင်ကိုရီးယား နိုင်ငံသံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံး၊ ကုလသမဂ္ဂရုံး (UN) အရှေ့များတွင် စစ်အာဏာသိမ်းခြင်းကို ဆန္ဒပြမှုများ ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွင် အထူးသဖြင့် အသက် ၁၅ နှစ်အရွယ်ခန့်မှစကာ ၃၀ ခန့် အထိ ကျား/မ လူငယ်ဦးရေ အချိုး အများဆုံး ပါဝင်သည်ကို တွေ့ရှိရသည်။

ယမန်နေ့က လှည်းတန်းလမ်းဆုံ တွင် ဆန္ဒပြလူထုနှင့် ရဲတပ်ဖွဲ့အပြင် တပ်မ (၇၇) ကိုပါ ချထားသောကြောင့် ဆန္ဒပြ လူထုက ဖေဖော်ဝါရီ ၁၀ ရက်တွင်  ပထမဆုံး အကြိမ်အဖြစ် သံရုံးများရှေ့၌  သွားရောက် ဆန္ဒပြခဲ့ကြသည်။ 

အမေရိကန်သံရုံးရှေ့ သွားရောက် ဆန္ဒပြသူများထဲတွင် ရုပ်ရှင်သရုပ်ဆောင် အချို့၊ မြန်မာနိုင်ငံ စားဖိုမှူးများအသင်း၊ တက္ကသိုလ်ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ရှေ့နေအသင်းများ၊ LGBT အဖွဲ့များနှင့်  မသန်စွမ်းအသင်းများလည်း ပူးပေါင်းဆန္ဒပြခဲ့ကြသည်။ 

လှည်းတန်းလမ်းဆုံမှစကာ တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့နှင့် ကမ္ဘာအေးဘုရားလမ်းဆုံ အထိ ဆန္ဒပြလူထု အဆက်မပြတ်ရှိနေပြီး ဆန္ဒပြသူ သောင်းနှင့်ချီ ရှိခဲ့သည်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားသည့်အတွက် အမေရိကန်သံရုံး ရှေ့  ဆန္ဒဖော်ထုတ်သူ သိပ်မများခဲ့သော် လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပြန်ဖွင့်ထားပေးခဲ့သည့်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးရှေ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တို့တွင် ဆန္ဒပြသူများ များပြားခဲ့ပြီး လှည်းတန်း လမ်းဆုံမှ တက္ကသိုလ်ရိပ်သာလမ်းတစ် လျှောက် ဆန္ဒပြခဲ့ကြသည်။

နေပြည်တော် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ က ဖြိုခွင်းရာတွင် အမျိုးသမီးတစ်ဦး အပြင်းအထန် အသက်အန္တရာယ် စိုးရိမ်ရ သည့်အခြေအနေထိ ဒဏ်ရာရရှိသွားပြီး သည့်နောက် နိုင်ငံတကာက ဆန္ဒပြသူ များကို အကြမ်းဖက်ဖြိုခွင်းမှုများ မပြု လုပ်ရန် ထုတ်ပြန်ချက်များ ထုတ်ပြန် ပြီးနောက်တွင် ယင်းသို့တက္ကသိုလ်ရိပ်သာ လမ်းကို ရဲတပ်ဖွဲ့ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ် သည်။

စစ်အာဏာသိမ်းမှု မအောင်မြင် စေရေး နိုင်ငံတကာက ဖိအားပေးစေချင် ပြီး ဖမ်းဆီးထားသည့် ခေါင်းဆောင်များ ပြန်လွှတ်ပေးရေးအတွက်လည်း နိုင်ငံ တကာက အရေးယူ ဆောင်ရွက်စေလို ကြောင်း အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့သူ မသန္တာစိုးက ပြောကြားသည်။

"နိုင်ငံတကာက ဒါဟာ မတရားတဲ့ ကိစ္စဆိုတာ သိဖို့လိုပါတယ်။ နိုင်ငံတကာ က အာဏာသိမ်းအစိုးရကိုလည်း အသိ အမှတ်မပြုဖို့၊ ကျွန်မတို့ အစိုးရက အဖမ်း ခံထားရတယ်။ စစ်အာဏာသိမ်းတာကို ကျွန်မတို့ပြည်သူတွေ လက်မခံဘူးဆိုတာ သိဖို့လိုတယ်။ အဲဒါကြောင့် ကျွန်မတို့ အခုလို ဆန္ဒပြနေကြတာဖြစ်တယ်"ဟု ၎င်းက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဆန္ဒပြသူများနှင့် ရပ်တည်ပြီး အမှန်တကယ်ရွေးကောက်တင်မြှောက်ခံ ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ထား သည်။

"ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့အစိုးရကို ထောက်ခံ ပြီး ငြိမ်းချမ်းစွာဆန္ဒပြတာ အပါအဝင် လွတ်လပ်စွာ စုရုံးခွင့်၊ သိရှိဆက်သွယ်နိုင် ဖို့အတွက် သတင်းအချက်အလက်တွေကို အွန်လိုင်းကနေရော၊ အွန်လိုင်းမဟုတ်တဲ့ ဆီကရော လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံ ရရှိခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အတွက်လည်း အားပေးထောက်ခံ ပါတယ်။ အများပြည်သူ စုရုံးခွင့်ကို ကန့် သတ်လိုက်တဲ့ စစ်တပ်ရဲ့ လတ်တလော ကြေညာချက်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ သေချာပေါက် အကြီးအကျယ် စိုးရိမ်နေပါတယ်။ ကျွန်တော် ယခင်က ပြောခဲ့သလိုပါပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်၊ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်နဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေး အတွက် ကျွန်တော်တို့ အခိုင်အမာ အားပေး ထောက်ခံနေပါတယ်"ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရန်ကုန် မြို့ ဆန္ဒပြမှုတွင် ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ လေထိုးရေကူးကန် အသုံးပြု ခြင်း၊ ကာယဗလပြခြင်း၊ ပုသိမ်ထီးများ   အသုံးပြုခြင်း၊ ဂိမ်းဇာတ်ကောင်ပုံစံများ ဖြင့် ဆန္ဒပြခြင်း၊ ဝိုင်းဖွဲ့၍ ဟော့ပေါ့စားကာ ဆန္ဒပြခြင်း၊ ရှင်ဘုရင်ဝတ်စုံ ဝတ်ဆင်၍ ဆန္ဒပြခြင်း စသည်ဖြင့် သရုပ်ဖော်ပုံစံမျိုးစုံ အသစ်အဆန်းများဖြင့် ဆန္ဒပြခဲ့ကြသည် ကိုလည်း တွေ့ရှိရသည်။

ကိုဗစ်ကာကွယ်ကုသရေး စေတနာ့ ဝန်ထမ်းများ၊ ဆေးတက္ကသိုလ် ၁၊ ၂ မှ ကျောင်းသားများ၊ သူနာပြုများ၊ ကက်သလစ် ခရစ်ယာန်လူငယ်များ၊ စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု ပေးသည့် လူငယ်များ၊ Biker အဖွဲ့များ ပါဝင်ဆန္ဒပြခဲ့ကြပြီး လူထုကလည်း တစ်သားတည်းရပ်တည်ကာ အားပေးခဲ့  ကြသည်။ 

ထို့အပြင် နေအိမ်ရှေ့၊ ဆိုင်ခန်းရှေ့ နှင့် ရပ်ကွက် လမ်းထိပ်နေရာများတွင် မိသားစုအလိုက်၊ လမ်းရပ်ကွက်အလိုက်   စစ်အာဏာသိမ်းယူမှုနှင့်  စစ်အာဏာသိမ်း ခေါင်းဆောင်များကို ငြိမ်းချမ်းစွာဖြင့်  ဆန္ဒပြခဲ့ကြသည်။                    
 
S-04