News

POST TYPE

2020 ELECTION

အစိုးရဝန်ထမ်းများပါဝင်လာသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု
10-Feb-2021




ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး တပ်မတော် သည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော NLD ပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် တိုင်းနှင့် ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော် အာဏာကို ရယူခဲ့သည်။

တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူလူထုအများကို ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အလုပ်မထွက်၊ ရုံးမတက်ဘဲ Civil Disobedecence Movement ကို စတင်လှုပ်ရှားခဲ့သည်။

ယင်းသို့ စတင်လှုပ်ရှားမှုတွင် ဘဏ်ဝန်ထမ်း များ၊ မီးရထားဝန်ထမ်းများ အပါအဝင် ဌာနဆိုင်ရာ တော်တော်များများလည်း ပါဝင်လာသည်ကို လူမှု ကွန်ရက်စာများတွင် တင်ပြချက်များအရ သိရှိခဲ့ရ သည်။

ယင်းလှုပ်ရှားမှုများအပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ တွင် လမ်းမပေါ်ထွက် ဆန္ဒပြမှုများရှိခဲ့ပြီး ယနေ့ ဆိုလျှင် ၅ ရက်မြောက်နေ့သို့ ရောက်ရှိလာပေသည်။

ယနေ့ ၅ ရက်မြောက်နေ့တွင် ကျန်းမာရေး ဆိုင်ရာ ဆရာဝန်များကို ကိုယ်စားပြု၍ ဆန္ဒထုတ်ဖော် သည့် လမ်းကြောင်းကို လိုက်လံသတင်းယူရင်း ဆရာဝန်၊ ဆရာဝန်မများနှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ ပါသည်။

"ဆရာဝန်အသိုင်းအဝိုင်းကို ကိုယ်စားပြုတာ ပါ။ ဆေးတက္ကသိုလ် ၁ ရယ် ၂ ရယ်လို့ မဟုတ်ဘူး၊ ညီမ တို့မှာ ခေါင်းဆောင်မရှိပါဘူး၊ အားလုံးက ခေါင်းဆောင် တွေပါပဲ။ အကုန်လုံးက စုပေါင်းပြီး လုပ်ကြတာပါ" ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဆရာဝန်မတစ်ဦးက  The Voice Daily ၏မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

The Voice Daily သတင်းစာတွင် အမည်၊ ရာထူးနှင့် ဖော်ပြရန် တောင်းဆိုခဲ့ရာ ယင်းတို့မှာ ရှေ့ဆက်လျှောက် လုပ်ဆောင်ရမည့်လုပ်ငန်းများ ရှိခြင်း၊ မိသားစုအသိုင်းအဝိုင်း၊ အလုပ်အကိုင် ထိခိုက် နိုင်ခြင်းကြောင့် ဖော်ပြရန် ခွင့်ပြုချက် မရရှိခဲ့ပေ။
 
"CDM စလုပ်ဖြစ်တဲ့အကြောင်းအရင်း ကတော့ အစိုးရဆိုတာ ပြည်သူမရှိဘဲ၊ ဝန်ထမ်းမရှိဘဲ ရပ်တည်လို့မရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရကိုပဲ ထောက်ခံပါတယ်။ အဲဒီတော့ ဒီစစ်အစိုးရကို လုံးဝ မထောက်ခံပါဘူး၊ မထောက်ခံတဲ့အတွက်ကြောင့်မို့ စစ်အစိုးရအောက်မှာ ပြည်သူဆိုတာလည်း မရှိနိုင် ဘူး။ အစိုးရဝန်ထမ်းဆိုတာလည်း မရှိပါဘူး။ မရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အစိုးရဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေအနေနဲ့ စပြီးတော့ လုပ်ဖြစ်တာပေါ့"ဟု တွေ့ဆုံမေးမြန်းခွင့်ရသူ ဆရာဝန်တစ်ဦးက ရှင်းပြ သည်။
ယင်းတို့၏လုပ်ဆောင်ချက်ကြောင့် စစ်အစိုးရ အပေါ် အကျိုးသက်ရောက်မှုရှိခြင်းထက် မိမိတို့ လိုချင်သည့် အကျိုးသက်ရောက်မှုမှာ စစ်အစိုးရ ယန္တရားကြီး ရပ်တန့်သွားရန် ရည်ရွယ်ကြောင်း၊ ယင်းယန္တရား ရပ်တန့်သွားသည်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

၎င်းတို့ ဆရာဝန်များအပြင် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မီးရထားဝန်ထမ်းများ၊ ဘဏ် လုပ်ငန်များမှ ဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ စည်ပင်သာယာ ဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း တော်တော် များများမှလည်း ဆန္ဒထုတ်ဖော်ခြင်း၊ ရုံးမတက်၊ အလုပ်မထွက်ဘဲ ဆန္ဒထုတ်ဖော်ခြင်းများ ရှိနေသည်။

"ပါဝင်ပြီးတဲ့ ဝန်ထမ်းတွေအနေနဲ့ ဆက်ပြီး တောင့်ခံထားပါ။ ကျွန်တော်တို့အနေနဲ့ ဒီတိုက်ပွဲဟာ အဆုံးအထိ တိုက်ရမှာပါ။ နိုင်ကို နိုင်မှ ဖြစ်မှာပါ။ နောက်လှည့်ဖို့ဆိုတာ မရှိပါဘူး။ ဒါ ပထမအဆင့် ပါဝင်ပြီးသားသူတွေကို အားပေးချင်တာပါ" ဟု ယင်း ဆရာဝန်က တိုက်တွန်းပြောကြားထားသည်။
အစိုးရဝန်ထမ်းများအား ]ရုံးမတက်နဲ့ ရုန်းထွက်}၊ ]လူငယ်တွေက လမ်းထွက်နေတာ၊ ခင်ဗျားတို့က ရုံးတက်တုန်းလား}၊ ]အခုထက်ထိ ရုံးတက်နေတာ မရှက်ဘူးလား၊ မရှက်ဘူးလား}  စသညြွေ့်ကးကြော်သံ များဖြင့် ဆန္ဒထုတ်ဖော်နေသည်။

CDM လှုပ်ရှားမှုတွင် မပါဝင်သေးသူများ ကိုလည်း ယခုတိုက်ပွဲတွင် ပါဝင်ပေးရန် တောင်းဆို ကြောင်း၊ အစိုးရဝန်ထမ်းများအနေဖြင့် ရုံးမတက် ဆန့်ကျင်ဆန္ဒပြမှုသည် ငြိမ်းချမ်းကြောင်း၊ မိမိအိမ်မှာ နေရုံမျှဖြင့် အစိုးရကို ဆန္ဒပြရာရောက်ကြောင်း၊ ယင်းသို့ ရုံးမတက်ဘဲ နေအိမ်ထဲတွင်နေရုံမျှဖြင့် အရေးယူ၍ မရကြောင်း၊ နေမကောင်းခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက် ခြင်း စသည့် အကြောင်းပြချက်များပေး၍ ရကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက် တွန်းထားသည်။
"အစိုးရကတော့ ပုံစံမျိုးစုံနဲ့ကို ဖိအားပေးမှာပါ၊ ကျွန်တော်တို့ကလည်း အတိုင်းအတာတစ်ခုထိတော့ မျှော်လင့်ထားပါတယ်။ အဲလိုမျှော်လင့်ထားတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်တဲ့အပေါ်မှာ ဖိနှိပ်ခံရမှုတွေ ရှိလာနိုင်တယ်။ အဲဒါတွေအကုန်လုံးကို အချင်းချင်း လက်တွဲ ဖေးမသွားဖို့ ရှိပါတယ်။ သိရင် သိတဲ့နေရာကနေပြီးတော့ ကူညီနိုင်တဲ့ အဖွဲ့အစည်း တွေနဲ့ ဆက်စပ်ပြီးတော့ တတ်နိုင်သလောက် ကူညီ သွားဖို့လည်း ရှိပါတယ်။ တတ်နိုင်သလောက် မီဒီယာ တွေပေါ်မှာ ဖိနှိပ်ခံရမှုတွေကို တင်ပေးပါ။ တွေ့ရင် တွေ့သလိုမျိုး၊ ရရင် ရနိုင်သလိုမျိုး ကူညီသွားမှာပါ။ အားလုံးလက်တွဲပြီးတော့ ဒီဥစ္စာကို အောင်မြင်အောင် အကောင်အထည်ဖော်သွားမှာပါ" ဟု ဆန္ဒထုတ်ဖော် ရာတွင် မေးမြန်းခွင့်ရခဲ့သည့် ဆရာဝန်က ပြောကြား သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ စစ်အာဏာ သိမ်းတပ်မတော်၏ အုပ်ချုပ်မှုကြောင့် တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ရပြီး အရှေ့တောင်အာရှတွင်ပင် နောက်ဆုံးအဆင့်အထိ ချွတ်ခြုံကျ မွဲပြာကျခဲ့ရသည့် သမိုင်းအမှန် ရှိခဲ့သည်။ 

ယခု အာဏာသိမ်းမှုကြောင့် တိုင်းပြည် ဆင်းရဲ တွင်းမှ ကယ်တင်နိုင်ရန်နှင့် ပြည်သူရွေးချယ်ထား သော အစိုးရကို ပြန်လည်တင်မြှောက်နိုင်ရန် CDM လှုပ်ရှားမှုတွင် မပါဝင်သေးသည့် ဝန်ထမ်းများကို ပါဝင်လှုပ်ရှားကြရန် ဆရာဝန်များက တိုက်တွန်းထား သည်။

"ဒီတိုက်ပွဲဟာ အားလုံးညီမှ အောင်နိုင်မှာပါ။ ဒီ CDM မှာမပါဝင်ကြတဲ့ ဝန်ထမ်းတွေသည် သမိုင်းရဲ့ တရားခံဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူအားလုံးညီနေတဲ့အချိန်မှာ သူတို့မညီလို့ ဒီစက် ယန္တရားကြီး မရပ်သွားဘူးဆိုရင် အရေးတော်ပုံကြီး ဟာ ကျဆုံးသွားမှာပါ။ အဲလိုမဖြစ်အောင်လို့ အားလုံး ကို ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံတယ်။ အားလုံး အတူ ပူးပေါင်းပေးကြပါ၊ မကြောက်ကြပါနဲ့လို့ ပြောချင် ပါတယ်"ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါသည့် ဆရာဝန် အမျိုးသမီးတစ်ဦးက တိုက်တွန်းပြောကြားသည်။

ယခုအချိန်တွင် စစ်အာဏာသိမ်းအစိုးရအနေ ဖြင့် အနုနည်းရော၊ အကြမ်းနည်းရော သုံးနေကြောင်း၊ တစ်ပတ် အလုပ်တက်၊ တစ်ပတ် အလုပ်နားဆိုပြီး ဆွဲဆောင်မှုများလည်းရှိကြောင်း၊ ယင်းဆွဲဆောင်မှု ကြောင့်လည်း ပါမသွားစေလိုကြောင်း၊ ရည်ရွယ်ချက် မှာ စစ်အာဏာရှင် ယန္တရားကြီးရပ်သွားဖို့တစ်ခုတည်း ဖြစ်ကြောင်း၊ ယင်းယန္တရားကြီးရပ်နားနိုင်ရန် CDM လှုပ်ရှားမှုလုပ်ရမည်ဖြစ်ကြောင်း၊ သတ္တိရှိရှိ အဆုံးထက် ထိတိုင် အချင်းချင်း လုပ်ဆောင်သွားရမည်ဖြစ်သည် ဟု ဆိုသည်။

"စစ်အစိုးရယန္တရား ရပ်တန့်သွားဖို့ကတော့ အစိုးရဝန်ထမ်းအားလုံး ပါဝင်ရမှာပါ။ အဓိကကတော့ နိုင်ငံပိုင်သတင်းစာတွေမှာ စပြီးကြော်ငြာနေတာက တော့ ဘဏ်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဘက်က စပြီး ကမ်းလှမ်းလာတာဖြစ်တဲ့အတွက် ဒီဝန်ထမ်းတွေကို အားပေးချင်ပါတယ်။ လုံးဝ လုံးဝ အလုပ်ကို ပြန် မသွားပါနဲ့" ဟု မေးမြန်းခွင့်ရသူ ဆရာဝန်က CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။
ယင်းအပြင် ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ခြင်းမရှိသည့် ဝန်ထမ်းများကိုလည်း "တခြားဝန်ထမ်း တွေကလည်း ပြည်သူနဲ့ တိုက်ရိုက်မပတ်သက်လို့ ငါတို့မလုပ်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့စိတ် မထား ပါနဲ့၊ ဒါသည် စစ်ယန္တရားကြီး ရပ်တန့်သွားဖို့အတွက် ပြည်သူအားလုံး အစိုးရဝန်ထမ်းအားလုံး တိုက်မှ ဒီတိုက်ပွဲဟာ နိုင်မှာပါ" ဟု ၎င်းက ဆက်လက် ပြော ကြားသည်။

စစ်အာဏာသိမ်းအစိုးရအနေဖြင့် မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ ညီညွတ်ရန်လိုကြောင်း၊ ကိုယ်နှင့်မဆိုင်သလို မနေသင့်ကြောင်း၊ အချို့သူများ အနေဖြင့် တိုက်ရိုက်မသက်ဆိုင်ဘူးဟူ၍ ထင်ကောင်း ထင်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အစိုးရကို ထိခိုက်လာမည်ဖြစ်ကြောင်း ဆရာဝန် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ယခုအခါ ပြည်သူအများမှ UN ရုံးအပါအဝင် နိုင်ငံတကာသံရုံးများ၊ ဆူးလေဘုရား၊ မြေနီကုန်း၊ ရွှေဂုံတိုင်၊ လှည်းတန်း အပါအဝင် မြို့နယ်များရှိ လမ်းမများပေါ်တွင် စစ်အစိုးရ အလိုမရှိ ဆန္ဒထုတ်ဖော် နေသည်မှာ သိန်းချီအင်အားရှိသည်။

"နိုင်ငံတကာကို အဓိကပြောချင်တာက ကျွန်တော် တို့နိုင်ငံဟာ အခုဆိုရင် ပြည်သူအများစုကတော့ မျှော်လင့်တာပေါ့။ စစ်ရေးအရ ဝင်လာဖို့၊ သံတမန်ရေး အရ ပိတ်ဆို့ဖို့၊ ဒါပေမဲ့ အစိုးရဘက်ကတော့ တတ်နိုင် သလောက် ကာကွယ်သွားမှာပေါ့။ သူတို့ကတော့ ထုံးစံအတိုင်းပဲ နောက်ဆုံးမရလို့ရှိရင် တံခါးပိတ်ဝါဒ နဲ့ နိုင်ငံကို အားလုံး အမှောင်ချပြီးလုပ်ဖို့အထိ ရည်ရွယ် ထားမယ်လို့လည်း ထင်ပါတယ်"ဟု မေးမြန်းခွင့်ရသူ ဆရာဝန်က ရှင်းပြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တတ်နိုင် သမျှ ပြည်သူများကိုကယ်တင်ရန် တိုက်တွန်း တောင်းဆို ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးရန်လိုကြောင်း၊ နိုင်ငံကို စစ်အစိုးရ လက်ထက်မှ ကယ်တင်ပေးရန် တိုက်တွန်းပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ပြည်သူတစ်ယောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကြားထဲကနေ အပြစ်မဲ့၊ အကြောင်းမဲ့၊ နိုင်ငံတကာရဲ့ ဘယ်ပရိုတိုကောနဲ့မှ ကိုက်ညီခြင်း မရှိ ဘဲနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတယ်။ တကယ့်ကို အသက် အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား၊ အသက်အန္တရယ် အနီးကပ်ဆုံး အနေအထားမှာ ရှိနေပါတယ်" ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်တွင် ပစ်ခတ် ခံရမှုနှင့် ပတ်သက်၍ ယင်းဆရာဝန်က ရှင်းပြသည်။

ယခုအခါ NLD ပါတီ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများအနေဖြင့် မိမိတို့လက်အောက်ရှိ ဌာန ဆိုင်ရာဝန်ထမ်းများကို ရွေးကောက်ခံ အစိုးရသစ် မဖွဲ့မချင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်များ ထုတ်ထားသည်။

"တပ်မတော်သည် မတရားသမှုနဲ့ အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ကို အစိုးရတစ်ရပ်လို့ မယူဆပါဘူး။ ညီမတို့ရဲ့ အစိုးရသည် NLD ပဲ ဖြစ်ပါတယ်" ဟု မေးမြန်းတွေ့ဆုံခွင့်ရသူ ဆရာဝန်အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဇော်မိုးလွင်၊ မောင်ကျော်ဖြိုး