News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲကော်မရှင်ကို ကာကွယ်ပြောဆိုနေခြင်းမျိုး တစ်လှည့် ပြန်ခံရနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဆို
10-Jan-2021
နေပြည်တော်၊ ဇန်နဝါရီ ၁၀

အာဏာရပါတီကို ကာကွယ်ပြောဆိုခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ကာကွယ်ပြောဆိုနေခြင်းသည် သံသရာတွင် တစ်လှည့်တန်ပြန်ခံရနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။ 

"အာဏာရပါတီကို အကာအကွယ်ပေးတာမျိုး၊ ဥပဒေမဲ့ဆောင်ရွက်ထားတဲ့ ယူအီးစီကို အကာအကွယ်ပေးတာမျိုးလုပ်တာတွေဟာ သံသရာ တစ်ပတ်လည်လာနိုင်တယ်။ ဘယ်နိုင်ငံရေးပါတီမှ တစ်သက်လုံးအာဏာမရနိုင်သလို ဘယ်နိုင်ငံရေးပါတီမှလည်း တစ်သက်လုံး အတိုက်အခံမဖြစ်ပါဘူး" ဟု ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

နေပြည်တော်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် သောကြာနေ့ (ဇန်နဝါရီ ၈ ရက်)က နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မဟုတ်မမှန် ပြောကြားနေသူများသည် မိမိတို့နိုင်ငံရေးကို ကိုယ်တိုင်ပြန်သတ်နေသည်ဟု ပြောဆိုခဲ့ခြင်းအပေါ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

"ကျွန်တော်တို့လို အဖွဲ့အစည်းကို သိမ်းငယ်နိမ့်ကျလာအောင် လုပ်ကြံပြောဆိုတယ်လို့ ကျွန်တော်မြင်တယ်"ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။ 

ဦးဇော်ဌေး ပြောကြားချက်တွင် လူပုဂ္ဂိုလ်အဖွဲ့အစည်းကိစ္စဖြစ်နေပြီး ကျင့်ဝတ်ထိန်းသိမ်းမှုမရှိကြောင်း၊ ၎င်းတို့၏ ကြံ့ခိုင်ရေးပါတီသည် ရှုံးမဲ မဲနေသည့် ပုံစံမျိုးဖြစ်အောင် မပြောသင့်ဘဲ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အညီသာပြောဆိုသင့်ကြောင်း ဒေါက်တာနန္ဒလှမြင့်က ပြောကြားသည်။ 

"ငါ့စကားနွားရ ပြောဆိုနေဖို့ မသင့်ပါဘူး" ဟု ၎င်းက ဆိုသည်။ 

ကြံ့ခိုင်ရေးပါတီသည် ဆန္ဒပြသည့် ပြည်သူအချို့ကို နေ့စားခပေး၍ လုပ်ဆောင်နေသည်ဟု အာဏာရပါတီမှ အချို့သော တာဝန်ရှိသူများနှင့် အများပြည်သူက ပြောဆိုနေခြင်းကို ကြားသိရသည့်အတွက်လည်း ၎င်းအနေနှင့် အံ့ဩရကြောင်း ဒေါက်တာနန္ဒာလှမြင့်က ထပ်လောင်းပြောသည်။ 

မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းမှားယွင်းမှုကို ဥပဒေအဆုံးစွန်အထိ လုပ်မြဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

S-01