News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက် ဝေဖန်ထောက်ပြနေရခြင်းဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
09-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စေနိုင်သည့် ကိစ္စများကို ထုတ်ပြန်ပြောကြားနေရခြင်းမှာ နိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာကို များစွာထိခိုက်စေမည် ဖြစ်သည့်အတွက် ဝေဖန်ထောက်ပြနေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

"ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာမှာ တရားမျှတမှုမရှိတဲ့ အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရလို့ ဝေဖန်ထောက်ပြမှုတွေကို လုပ်ဆောင်နေရခြင်းဖြစ်တယ်။ ဥပဒေကို မိမိလိုရာဆွဲပြီး လုပ်ဆောင်ခြင်းတွေဟာ မသင့်တော်ဘူး၊ ဖြစ်ပျက်ခဲ့တဲ့ အမှားအယွင်း တွေကို ထောက်ပြရတာဟာ မိမိတို့နိုင်ငံရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေနိုင်မှာဖြစ်တဲ့အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်တို့နှင့် Video Conferencing ဖြင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စေနိုင်သည့် စာရင်းများနှင့်ပတ်သက်၍ ၁၂ ကြိမ်အထိ ထုတ်ပြန်ထားရာ စုစုပေါင်း မြို့နယ် ၁၆၆ မြို့နယ် ရှိသွားပြီဖြစ်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ်ပေါင်း ၂၁၈ မြို့နယ်ကို စိစစ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာမီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း လွတ်လွတ်လပ်လပ်ဖြင့် ဆန္ဒမဲများပေးနိုင်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီတွင် လွှတ်တော်အစည်းအဝေးကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ဇန်နဝါရီ ၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကလည်း ပြန်လည်ဝေဖန်ပြောကြားထားသည်။

"မဟုတ်မမှန် ဝေဖန်ပြောနေကြားနေတဲ့ လုပ်နေတဲ့အဖွဲ့တွေ ပုဂ္ဂိုလ်တွေအနေနဲ့ပြောရရင် ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တာပေါ့။ နိုင်ငံရေးဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်" ဟု ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။

S-08