News

POST TYPE

2020 ELECTION

ချောက် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲလက်မှတ်များအပါအဝင် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး
07-Jan-2021
ချောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်သော မဲလက်မှတ်များနှင့် စာရွက်စာတမ်းများကို ဇန်နဝါရီလ ၇ ရက်နေ့က ဧရာဝတီမြစ်ဆိပ်ကမ်းတွင် မီးရှို့ဖျက်ဆီးခဲ့စဉ် 

ချောက်၊ ဇန်နဝါရီ ၇

ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဆန္ဒမဲလက်မှတ်များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ယင်းမြို့အမှတ် ၁၄ နယ်မြေ၊ ဇောတိကရပ်၊ အနော်ရထာ မြစ်ကူးတံတားအနီး ဧရာဝတီမြစ်ဆိပ်ကမ်း တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများ၊ အထောက်အကူ ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများသည် နည်းဥပဒေ ၈၆ (ခ) ပါ ပြဋ္ဌာန်းချက်များအရ ကာလစည်းကမ်းသတ်ကျော်လွန်ပြီဖြစ်၍ စနစ်တကျမီးရှို့ဖျက်ဆီးရန်နှင့် ပြန်လည်အသုံးပြုနိုင်သော မဲရုံသုံးပစ္စည်းများ (မင်ခံခွက်၊ ချိပ်တံဆိပ်၊ ချိပ်တောင့်၊ ဆိုလာမီးအိမ်များ စသည်) တို့ကို ဆယ်တင်အသုံးပြုနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများကို ဆယ်တင်၊ ဖျက်ဆီးရေးအဖွဲ့များဖွဲ့စည်းပြီး မီးရှို့ဖျက်ဆီးရန် ညွန်ကြားထားသည်ဟု ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ 

ချောက်မြို့နယ်တွင် ၂၀၁၇၊ ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမရှိကြောင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဆန္ဒမဲလက်မှတ်များ နှင့် စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းဖြစ်သည်။

ယင်းမီးရှို့ဖျက်ဆီးခြင်းတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သော ချောက်မြို့ပေါ် ၁၅ ရပ်ကွက်၊ စလေမြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ အုပ်စုတို့ရှိ မဲရုံပေါင်း ၂၅၈ ရုံတို့မှ ဆန္ဒပြုမဲလက်မှတ်များ အပါအဝင် ရွေးကောက်ပွဲနှင့်ပတ်သက်သော စာရွက်စာတမ်းများထည့်ထားသည့် ဆာလာအိတ်ပေါင်း ၇၈၄ အိတ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဦးစီးအရာရှိ ဒေါ်ချောစုရည် ကပြောဆိုသည်။

ချောက်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ချောစုရည်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်နုနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးနေမန်း၊ လဝက ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၊ ကျန်းမာရေးမှူး ဦးလှိုင်မြင့်ဟန်၊ မီးသတ်တပ်ဖွဲ့တို့ လိုက်ပါ၍ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

R-11