News

POST TYPE

2020 ELECTION

UEC ကို မကျေနပ်ဟုဆိုကာ ဝမ်းတွင်းမြို့တွင် ဆန္ဒပြ၊ မိတ္ထီလာတွင်ထပ်လုပ်မည်ဟု ဦးဆောင်သူကပြော
21-Nov-2020


မိတ္ထီလာ၊ နိုဝင်ဘာ ၂၁

မန္တလေးတိုင်း ဝမ်းတွင်းမြို့ အမှတ် ၂ မေခလာရပ်ကွက် ဟစ်တိုင်ကွင်းအတွင်း၌ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဒေသခံ ၂၃ ဦးခန့်သည် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။                                  

"အဓိကတော UEC ရဲ့ ထုတ်ပြန်ထားတဲ့ရလဒ်ကို ကျွန်တော်တို့ မကျေနပ်ဘူး။ ကြိုတင်မဲတွေ ပြန်လည်စိစစ်ပေးဖို့၊ နောက်ပြီး မဲဆန္ဒရှင်စာရင်းတွေကို ပြန်ပြီးတော့ စစ်ဆေးပေးဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စုံစမ်းစိစစ်ရေး ကော်မရှင်တစ်ရပ် ပြန်ပြီးဖွဲ့စည်းပေးဖို့ အဲဒီသုံးချက်၊ လေးချက်ပေါ့" ဟု အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဝမ်းတွင်းမြို့နယ် တဲစုရွာမှ ဦးမင်းမင်းက ပြောကြားသည်။

ခရိုင်မြို့ဖြစ်သည့် မိတ္ထီလာတွင်လည်း ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

"ခွင့်ပြုချက်မရလည်း ၂၈ ရက်နေ့မှာ ကျွန်တော်တို့က လုပ်မှာပဲ။ ဒီနေရာမှာတော့ ကြိုတင်စီစဉ်မှုမရှိသေးဘူး။ ဒါက ပွဲဦးထွက်အနေနဲ့ပေါ့။ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိသေးတဲ့အတွက် ကျွန်တော် ဒီနေရာမှာ ဒီလောက်နဲ့ပဲ ပြောသွားတာပေါ့။ ဟို(မိတ္ထီလာ) ကျရင် ဒီထက်မက ပြောမှာပေါ့" ဟု ၎င်းက ဆိုသည်။                            

ဆန္ဒပြပွဲတွင် ပါဝင်သူများသည် ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကိုဗစ်ငွေကြေး မဲဆွယ်ပေးမှု အလိုမရှိ၊ ကြိုတင်မဲများ စစ်ဆေးပေးရေး၊ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှု အလိုမရှိ။ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေး ဟူသော စာသားများပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ၁၉၀,ဝဝဝ ကျော်ရှိပြီး နိုင်ငံရေးပါတီငါးခုမှ ကိုယ်စားလောင်းများယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး-၁ နှင့် တိုင်းဒေသကြီး-၂ နေရာတို့အတွက် အနိုင်ရရှိခဲ့သည်။ 

R-01