News

POST TYPE

2020 ELECTION

ရှမ်းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် SNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်း နှင့် တွေ့ဆုံခြင်း
21-Nov-2020
"ကျွန်တော့မဲဆန္ဒနယ်က ကိစ္စတော်တော်များများဟာ ပြည်ထောင်စုလုပ်ပိုင်ခွင့်တွေဖြစ်နေတော့  ပြည်ထောင်စုအဆင့်ကို ဆက်သွယ်တဲ့နေရာမှာ တော်တော်လေးခက်ခဲပါတယ်"



လက်ရှိ ကချင်ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ် မံစီမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တွင် အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် SNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ၂၀၁၅ တုန်းကလည်း အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာတယ်။ အခုလည်း အနိုင် ရခဲ့တယ်။ ဆိုတော့ ဒေသခံပြည်သူတွေကို ဘာပြောချင်သလဲ။
SAM : ဒေသခံလူထုက ၂၀၁၀ မှာ သူတို့မျှော်လင့်တဲ့ တိုးတက်မှုအပြောင်းအလဲကို မရခဲ့တော့ ၂၀၁၅ မှာစပြီး SNLD ကို ကိုယ်စားပြုတဲ့ ကျွန်တော့်ကို ရဲရဲဝံ့ဝံ့ပဲ တာဝန်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။   

Voice : အခုယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလောင်းတွေထဲ မှာ ပြိုင်ဘက်ပါတီက ဘယ်သူဖြစ်ခဲ့လဲ။ အနိုင်ရခဲ့ခြင်းအကြောင်းရင်းကရော။
SAM : ၂၀၁၅ မှာရော ၂၀၂၀ မှာရော နှစ်ကြိမ်စလုံးမှာ ကျွန်တော်ရတဲ့မဲအရေအတွက်က အခြားကိုယ်စားလှယ်တွေနဲ့ အများ ကြီး ကွာနေပါတယ်။ အကြောင်းရင်းက ဒီမဲဆန္ဒနယ်မှာ ရှမ်းလူမျိုးပိုများပြီး အားလုံးနီးပါး မဲလာပေးကြပါတယ်။ SNLD ပါတီကို အဓိက ထောက်ခံ ကြတဲ့အတွက်ပါ။

Voice : ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်မြေအချို့ မဲပေးခွင့်မရတာနဲ့ပတ်သက်လို့ ရှမ်းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်​တစ်ယောက်အနေနဲ့ ဘာမှတ်ချက်ပြုချင်လဲ။
SAM : ၂၀၂၀ မှာ မဲပေးခွင့်မရတဲ့ မဲဆန္ဒနယ်ကလူထုအတွက် စိတ်မကောင်းဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။ မြန်မာတစ်နိုင်ငံလုံးအနေနဲ့  လုံခြုံရေးအခြေအနေကြောင့် မဲမပေးရဘူးဆိုတဲ့ထဲမှာ မြို့ကြီးတွေမှာလည်း ကျန်းမာရေးထက် လုံခြုံရေးက ပိုလို့တောင် စိုးရိမ်ရပါတယ်။ နောက်ပြီး ရပ်ကျေးနဲ့ မြို့နယ်ကော်မရှင်အချို့က သူတို့ဒေသမှာ မဲပုံးထောင်လို့ရတဲ့ အခြေအနေ၊ လူထုမဲပေးနိုင်တဲ့နည်းလမ်းရှိတဲ့အကြောင်း အထက်ကို တင်ပြရာမှာ ဘာမှထူးခြားတဲ့အဖြေ မရတာတွေရှိခဲ့တယ်။ အချုပ်တော့ ဗဟိုချုပ်ကိုင်မှုလက်လှမ်းမမီတာတွေကြောင့် မမျှတာမှုတွေဖြစ်လာတယ်။

Voice : လက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေ တန်းတူ ညီမျှမှုရထားတယ်လို့ထင်လား။ တန်းတူညီမျှမှုရဖို့ ဘယ်လို အကြောင်းအချက်တွေ ပြင်ချင်တာရှိလဲ။
SAM : တိုင်းရင်းသားတန်းတူညီမျှရေးလို့ ဆိုလိုက်ကတည်းက ပင်လုံကတိကဝတ် အချက်တွေနဲ့ပဲ ချိန်ညှိပေးဖို့ ပြန်ပြောလိုပါတယ်။

Voice : လက်ရှိလွှတ်တော်နဲ့အစိုးရငါးနှစ်သက်တမ်းမှာ အစိုးရနဲ့ ကချင်​ပြည်နယ်လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို အားရ ကျေနပ်တာရှိလား။ မြင်ချင်တဲ့ လွှတ်တော်မျိုးရောရှိလား။
SAM : ကချင်ပြည်နယ်လွှတ်တော်ထဲမှာ အစိုးရနဲ့လွှတ် တော်ကိုယ်စားလှယ်ကြား ပူးပေါင်းလုပ်ဆောင်မှုက ကျွန်တော့အနေနဲ့  အားရကျေနပ်မှုက ၅၀-၅၀ ပါပဲ။ မြင်ချင်တဲ့လွှတ်တော်မျိုးက လူထုအတွက်  အပြင်မှာကြိုညှိတဲ့ အစည်း​အဝေးမျိုးမဟုတ်ဘဲ လွှတ်တော်ထဲမှ အကြိတ်အနယ် ဆွေးနွေးရတဲ့ဟာမျိုးပါ။ 

Voice : တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးအပေါ်ရော ဘယ်လိုမြင်လဲ။ ငြိမ်းချမ်းရေးအလား အလာကရော ဘယ်လိုရှိနိုင်လဲ။
SAM : ငြိမ်းချမ်းရေးရမှ အခြားလူမှု စီးပွားကိစ္စတွေကိုပိုမို ဆောင်ရွက်နိုင်မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုအလေး​ပြီး လုပ်ဆောင် စေချင်တယ်။ အကြောင်းအရာတိုက်ဆိုင်လာမှ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဖော်ဆောင်နေပါတယ်ဆိုရင် တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ ခက်နေအုန်းမယ်။

Voice : ဖက်ဒရယ်ပြည်ထောင်စုကရော အလုပ်ဖြစ်ပါ့မလား။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဘာမှတ်ချက်ပေးချင်လဲ။
SAM : လက်ရှိအချိန်ထိတော့ တိုင်းရင်းသားအားလုံးဟာ ဖက်ဒရယ်နဲ့သွားမယ်ဆိုတဲ့သ​ဘောထား အားလုံးမှာရှိကြတယ်။ အာဏာရ အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာခေါင်းဆောင်များက မြန်မြန် အကောင်ထည်ဖော်ဖို့လိုမယ် ထင်ပါတယ်။ အရမ်းကြာသွားရင် နိုင်ငံက ပိုပြီး အနာတရဖြစ်လာနိုင်လို့ပါ။

Voice : ငါးနှစ်တာကာလ လွှတ်တော်သက်တမ်းမှာ ကိုယ့်ဒေသက မဲဆန္ဒရှင်တွေအတွက် ဆောင်ရွက်ပေးခဲ့တာတွေနဲ့ပတ်သက် ရင် အားရကျေနပ်တာတွေ ရှိခဲ့လား။ ဘယ်ကိစ္စကိုတော့ အားရတယ်။အားမရဘူးပေါ့။
SAM : ကျွန်တော့မဲဆန္ဒနယ်အတွက် ငါးနှစ်တာလွှတ်တော် သက်တမ်းမှာ ပြည်နယ်လုပ်ပိုင်ခွင့်အနေနဲ့ကတော့ အားရကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် မဲဆန္ဒနယ် ကိစ္စတော်တော်များများက  ပြည်ထောင်စုလုပ်ပိုင်ခွင့်တွေဖြစ်နေတော့ ပြည်ထောင်စုအဆင့်ကို ဆက်သွယ်တဲ့နေရာမှာ တော်တော်လေးခက်ခဲပါတယ်။

Voice : တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး NLD ပါတီက ဖိတ်ခေါ်ထားတဲ့အပေါ်ရော ဘယ်လိုနားလည်ထားလဲ။ ဘာမှတ်ချက်ပြုစရာရှိလဲ။
SAM : မတူကွဲပြားမှုတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံ ထဲက အရေးကိစ္စတွေ ဆောင်ရွက်ရတာဖြစ်လို့ တစ်ဖွဲ့တည်းမဟုတ်ဘဲ စုပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တာကောင်းပါတယ်။ ဘယ်လောက် အတိုင်းတာထိ ဖိတ်ခေါ်မလဲဆိုတဲ့ပေါ် အများကြီးတော့မူတည်ပါတယ်။

မောင်ရဲနွေ