News

POST TYPE

2020 ELECTION

ကိုယ်စားမဲထည့်ခွင့်ပေးခဲ့သည့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို အမှုဖွင့်
19-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၁၉ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အဂါတ်လက်ပန်ကျေးရွာအုပ်စုမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို ကိုယ်စားမဲထည့်ခွင့်ပေးသည်ဟုဆိုကာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အဆိုပါအမှုဖွင့်ခံထားရသည့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောမြိုင်နှင့် အဖွဲ့ဝင်ဦးမင်းအောင်တို့သည် ကြိုတင်မဲများ လက်ခံသည့်အချိန်တွင် ဝါးတောစုကျေးရွာနေ ဒေါ် မြစန်းတင်(ခ) အထွေးလေး၊ ဒေါ်အောင်ဌေးမြင့်(ခ)ဒေါ်ဌေး၊ ဒေါ်အေးအေး၊ ဒေါ်သင်းဝေခိုင်တို့ ၄ ဦးမှ မိမိတို့ မိသားစုဝင်ကိုယ်စား မဲထည့်ခွင့်ပေးရန် တောင်းဆိုသဖြင့် မဲထည့်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူမအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ ခွဲအဖွဲ့ဝင် ဦးကျော်လွင်သည်လည်း မဲစာရင်းတွင် နာမည်ပါဝင်ခြင်းမရှိသော အောင်အောင်(ခ) အောင်ကြီးကို မလေးရှားရောက်နေသူ ကိုကိုအောင်၏ မဲလက်မှတ်အား ထုတ်ပေးခဲ့သဖြင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခံအရေးယူခံထားရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

"ကြိုတင်မဲကောက်တဲ့အချိန်မှာ ဖြစ်သွားတာ၊ ရန်ကုန်ရောက်နေတဲ့ မဲဆန္ဒရှင်ပြည်သူက မဲထည့်ချင်တယ်ဆိုပြီး ဖုန်းဆက်တောင်းဆိုတာရယ်၊ မိသားစုတွေကလည်း ထည့်ခွင့်ပေးပါလို့ တောင်းဆိုလို့ ထည့်ခွင့်ပေးလိုက်တာ။ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ကတော့ သဘောရိုးနဲ့ပါ။ သူတို့က နိုင်ငံတကာမှာ အွန်လိုင်းဘိုကင်စနစ်ရှိတယ်ဆိုတဲ့ဟာကို အဓိပ္ပာယ်ကောက်လွဲပြီးတော့ မဲဆန္ဒရှင် ပြည်သူကဖုန်းဆက်တောင်းဆိုတဲ့အတွက် ထည့်ခွင့်ပေးလိုက်တာ။ အဲဒီလိုဆိုတော့ ကိုယ်စားမဲထည့်ပေးသူရယ်၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ရယ်အားလုံးပါသွားတာ" ဟု ဝါးခယ်မမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထက်ခေါင်နိုင်က ရှင်းပြသည်။

ယင်းသို့ ကိုယ်စားမဲပေးခြင်းများ ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အဂါတ်လက်ပန်ကျေးရွာ နေဝါတောစုကျေးရွာနေ ဒေါ်မြစန်းတင် (ခ)အထွေးလေး၊ ဒေါ်အောင်ဌေးမြင့်(ခ) ဒေါ်ဌေး၊ ဒေါ်အေးအေး၊ ဒေါ်သင်းဝေခိုင်တို့သည် ကြိုတင်မဲပေးရာတွင် ကိုယ်စားမဲပေး ခြင်း၊ မအူပင်မြို့နယ်၊ ဘီလင်းကျေးရွာနေဒေါ်နီနီမြင့်သည် မိမိအတွက် တစ်ကြိမ်၊ ချွေးမအတွက် တစ်ကြိမ်မဲပေးခြင်း၊ မလက်တိုကျေးရွာအုပ်စု၊ တပ္ပတ္တနောင်ကြီး ကျေးရွာနေ အောင်အောင်(ခ)အောင်ကြီးသည် ကိုကိုအောင်(ခေတ္တမလေးရှား) ကိုယ်စားမဲပေးခြင်း၊ မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ ဒေါ်ခင်မိုးဌေးသည် သူတစ်ပါးအယောင်ဆောင်၍ မဲပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်နေ ဒေါ်မြင့်မြင့်ကြည်သည် မိမိအတွက် တစ်ကြိမ်၊ သမီးဖြစ်သူအတွက် တစ်ကြိမ် ဆန္ဒမဲပေးခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။  

S-08