News

POST TYPE

2020 ELECTION

မဲပေးခွင့်ရှိသူ၏ ၇၀ ရာခိုင်နှုန်းခန့် မဲလာပေးကြောင်း ရွေးကောက်ပွဲကော်မရှင် ပြော
11-Nov-2020


နေပြည်တော် ၊ နိုဝင်ဘာ  ၁၁

နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၀ ရာခိုင်နှုန်းခန့် မဲလာပေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ညနေ ၃ နာရီ က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

မဲပေးခွင့်ရှိသူသည် တနိုင်ငံလုံး တွင် ၃၇ သန်းနှင့် ၂ သိန်း ဝန်းကျင်ရှိနေပြီး လက်တလော မှတ်တမ်းများ အရ ၇၀ ရာခိုင်နှုန်းကျော်သည် မဲလာပေးသည်ဟု ၎င်းက ပြောဆိုခြင်းဖြစ်သည်။

ကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ယူဆ ကြောင်း၊ လက်ရှိ တွင် ပုံစံ ၁၉ တွင် လက်မှတ်မထိုးသည့် ကိုယ်စားလှယ် လောင်းများ ရှိနေကြောင်း၊ ယင်းလက်မှတ်မထိုးသည့် ကိစ္စသည် လက်မှတ်မထိုးသူ၏ တာဝန်သာဖြစ်ပြီး ဥပဒေ အတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။

ရွေးကောက်ပွဲရလဒ်များကို ယခုတစ်ပတ်အတွင်း ပြီးစီးအောင် ကြေညာပေးသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ထက် ပိုမိုမြန်ဆန်အောင် ဆောင်ရွက် နေကြောင်း၊ ရလဒ်များကို တစ်နိုင်ငံလုံး ရှိ မြို့နယ်များ၏ ပေးပို့လာမှုအပေါ် စိစစ်ကာ ထုတ်ပြန်နေရခြင်းဖြစ်သောကြောင့် အချိန်ယူ ရကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို ထောက်ခံ သူ များစွာရှိသကဲ့သို့ ကန့်ကွက်သူများ လည်း ရှိနေသည်မှာ ဒီမိုကရေစီစနစ် ကြောင့် ဖြစ်သောကြောင့် ကန့်ကွက်သူများကို ကော်မရှင်အနေဖြင့် တုံ့ပြန် ပြောစရာအကြောင်း မရှိဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၄ သန်း ကျော်ရှိပြီး မဲလာရောက်ပေးသည့် မဲဆန္ဒရှင် ၂၃ ဒသမ ၉ သန်းကျော်ရှိကာ ၆၉ ဒသမ ၈၂ ရာခိုင်နှုန်း မဲလာပေး ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

S-01