News

POST TYPE

2020 ELECTION

ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲတွင် ပါတီဝန်းရံသူများ သတင်းသမားများကို ဆဲဆို
11-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက် သည့် သတင်းစာရှင်းလင်းပွဲတွင် လာရောက်သတင်းယူကြသော သတင်း သမားများကို ပါတီဝန်းရံသူအချို့မှ ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၂ နာရီတွင်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ကြံ့ခိုင်ရေးပါတီ ဝန်းရံသူများကလည်း တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းရွေးကောက်ပွဲသည် တရား မျှတမှုမရှိခြင်း၊ ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုများ ရှိနေခဲ့ပြီး အတိုက်ခံ ပါတီအနေဖြင့်လည်း မရိုးသားမှုများဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ယူခဲ့ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီမှ ကိုယ်စားလှယ် လောင်းအချို့ က ပြောကြားခဲ့သည်။

"ဒီရွေးကောက်ပွဲရလဒ်ကို ကျွန်တော် တို့က အတည်မပြုနိုင်သေးဘူး။ နောက်တစ်ကြိမ် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ တောင်းဆိုချက်ပဲ ရှိပါသေးတယ်။ လွှတ်တော်ထဲကို ဝင်ခြင်း မဝင်ခြင်းက ကျွန်တော်တို့ဗဟိုဌာနရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲကို အချိန် ၂နာရီကျော်ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြီးခါနီးအချိန်တွင် ပြည်သူ ဆိုသူ အမျိုးသားတစ်ဦးက မိုက်ခ်ကရိုဖုန်း ကိုယူကာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိကို သတင်းတက်ရောက်ယူကြသော သတင်းသမားများအား မေးမြန်း၍ တရားမျှတမှုရှိလျှင် လက်ညှိး ထောင်ခိုင်းသောကြောင့် သတင်းသမား များနှင့် အချေအတင်ဖြစ်နေချိန်တွင် ခန်းမ အတွင်းရှိ လူတစ်ယောက်မှ "တိုင်းပြည် ကိုဖျက်နေတာ ဒီကောင်တွေပဲ" ဟု သတင်းသမားများကို ထပ်မံပြောဆိုခဲ့ပြီး သတင်းသမားများ အပြင်ပြန်ထွက်ချိန် တွင် အရပ်ဝတ်နှင့် လူတစ်ယောက်က သတင်းသမားများအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုမှုများ ရှိခဲ့သည်။

"သူတို့ဖိတ်လို့ သတင်းလာယူတာ ပါတီကလူပြောတာ မပြောတာထက် သူတို့လုပ်တဲ့ပွဲမှ အပြောခံရတာ သူတို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့တွေက လမ်းဘေးကလူတွေမဟုတ်ဘူး ဒီလိုဆဲဆို ရအောင် ကိုယ့်အလုပ် ကိုယ်လုပ်နေတာ။ ကျွန်တော်ကိုယ်တိုင်လည်း ခြံထဲက ပြန်အထွက်မှာ ဆဲခံခဲ့ရတယ်။ တခြား သတင်းသမားတွေလည်း ဝိုင်းခံရတယ်ကြားတယ်" ဟု အဆိုပါပွဲတွင် သတင်းယူ ခဲ့သော သတင်းသမားတစ်ဦးကဆိုသည်။

အဆိုပါကိစ္စမျိုးအတွက် သက်ဆိုင် သော သတင်းသမားများအနေဖြင့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားသင့်ပြီး ကောင်စီ၏လုပ်ငန်းစဉ်များအရ သတင်းသမားများ သတင်းယူချိန်တွင် ခြိမ်းခြောက်ခံရမှုများရှိပါက ခြိမ်းခြောက်မှုများကို တိုင်းသိ ပြည်သိကြေညာလို့ရသည့် ပုဒ်မမျိုးရှိပြီး တစ်ဖက်နှင့် ညှိနှိုင်းကာ ဖြေရှင်းပေးလို့ရကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ၂ ကိုသာလွန်ဇောင်းထက်က ရှင်းပြသည်။

"သူတို့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုလို့ သွားတာလေ။ အဲဒီပွဲမှာ သတင်းသမားတွေနဲ့ ပတ်သက်ပြီး ဝန်းရံသူပဲဖြစ်ဖြစ်၊ ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုမျိုးဖြစ်စဉ်တွေကြုံရရင် သူတို့ မှာ တာဝန်အရှိဆုံးပဲ။ သတင်းသမားတွေ ဒီလိုအလုပ်ခံရတာ ကြံ့ခိုင်ရေးကြောင့် လို့ ပြောလို့ရတယ်။ သူတို့ပွဲကိုသွားရင်းနဲ့ဖြစ် တာ။ ဒါကို ပါတီအနေနဲ့ တာဝန်ယူရမယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြေညာနိုင်ခြင်း မရှိ သေးသော်လည်း မဲရေတွက်မှုရလဒ်များ အရ NLD ပါတီက အစိုးရ ပြန်ဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရနေ ကြောင်း ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုကိုးကျွန်း မြို့နယ် တစ်မြို့နယ်တည်းတွင် အနိုင်ရရှိခဲ့ပြီး ကျန်မြို့နယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့သည်။

J-02