News

POST TYPE

2020 ELECTION

ဦးဝီရသူ ထွက်ပေါ်လာမှုနှင့်တပ်ချုပ်ပြောဆိုမှု ရွေးကောက်ပွဲကိုကသိကအောက်ဖြစ်အောင်လုပ်ခြင်းဟု ဦးဝင်းထိန် သုံးသပ်
07-Nov-2020


နေပြည်တော်၊ နိုဝင်ဘာ ၇

ရွေးကောက်ပွဲနီးလာချိန်မှာ ဦးဝီရသူထွက်ပေါ်လာမှုနဲ့ တပ်ချုပ်ရဲ့ပြောဆိုမှုတွေဟာ ရွေးကောက်ပွဲကို ကသိကအောက် ဖြစ်အောင်လုပ်တာလို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲနီးလာတဲ့အခါမှာ ဝရမ်းပြေးဖြစ်တဲ့ဦးဝီရသူ ထွက်လာတယ်။ သူလွတ်လာတာကို အကြောင်းပြုပြီးတော့မှ မန္တလေးတို့ရန်ကုန်တို့မှာ အမျိုးဘာသာသာသနာကိုကာကွယ်တဲ့ပါတီတွေကို မဲပေးကြဆိုတဲ့လှုပ်ရှားမှုတွေပေါ်လာတယ် ။ အဲ့ဒီတော့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့စကားတွေ၊ ခုနကအချက်တွေရယ်က ပေါင်းလိုက်လို့ရှိရင် လာမယ့်ရွေးကောက်ပွဲကို ကသိကအောက်ဖြစ်အောင်လုပ်ဖို့ တတ်နိုင်သမျှ ကဖျက်ယဖျက်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေသိပ်ပေါ်လွင်တယ်”လို့ ဦးဝင်းထိန်က ပြောပါတယ်။

နိုဝင်ဘာ ၅ရက်နေ့က နေပြည်တော် NLD ခရိုင်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီအောင်နိုင်ရေးအတွက်“မီးပုံးနီနီ NLD တိုးတက်ခေတ်မီ ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဦးဝင်းထိန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာကျန်တော့ပြီး ဒီအချိန်ကာလအတွင်းမှာလည်း ကဖျက်ယဖျက်လုပ်ဆောင်မှုတွေနဲ့ အဖျက်အမှောက်လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။

ကိုလတ် (VOM)