News

POST TYPE

2020 ELECTION

ပုသိမ်ခရိုင်အတွင်း အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များထံမှ ကြိုတင်မဲများ အိမ်တိုင်ယာရောက်ကောက်ယူ
29-Oct-2020


ပုသိမ်၊ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းမှ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များထံမှ ကြိုတင်မဲရယူခြင်းကို အောက်တိုဘာ ၂၉  ရက်နေ့ကစတင်၍ 
အိမ်တိုင်ယာရောက် ကောက်ယူနေပြီဖြစ်ကြောင်း ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

ကိုဗစ်ရောဂါ အရေးပေါ်ကာလဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်နှင့် အသက် ၆၀ နှစ် အထက်ရှိသူများ ဆန္ဒမဲမပေးရ 

မရှိစေရန် အိမ်တိုင်ယာရောက် ကောက်ယူပေးခြင်းဖြစ်ကြောင်း၊ အိမ်တွင်မပေးလိုသူများအတွက် သက်ဆိုင်ရာမဲရုံတွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးထားကြောင်း ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

“မဲပေးတာနဲ့ပတ်သက်ပြီး မဲရုံမှာမဲပေးတာကိုရော အိမ်မှာပေးတာကိုရော ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အိမ်တိုင်ယာရောက် ကြိုတင်ဆန္ဒမဲရယူရာတွင် ပါတီအသီးသီးမှ မဲကိုယ်စားလှယ်များ၊ အထူးရဲနှင့် မဲရုံတာဝန်ရှိသူများ ပါဝင်သောအဖွဲ့က ပွင့်လင်းမြင်သာဆောင်ရွက်ပေးကြောင်း၊ အသက်အရွယ်ကြီးနေပြီဖြစ်၍ ကိုယ်ပေးလိုသောပါတီကို ယခုကဲ့သို့မဲပေးခွင့်ရသဖြင့် အန္တရယ်ကင်းသည် ဟုယူဆကြောင်း ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၈ နှစ် အရွယ် ဒေါ်ရင်မေက ပြောကြားသည်။

ကျန်မာရေးမကောင်းသူ၊ မသန်စွမ်းသူ၊ ခရီးသွားရန်ရှိသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ကြပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၇ ရက်နေ့ အထိပေးနိုင်ကြောင်း ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှသိရသည်။      

R-04