News

POST TYPE

2020 ELECTION

မန္တလေးတွင် အသက် ၆၀ နှင့် အထက်ရှိသူများ ကြိုတင်မဲစပေး
29-Oct-2020


မန္တလေး၊ အောက်တိုဘာ ၂၉

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးမြို့တော်အတွင်းမှ အသက် ၆၀ နှစ်အထက်ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြိုတင်မဲပေးခဲ့ကြသည်။ 

Stay at Home သတ်မှတ်မြို့နယ်များမှ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များကို အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူခြင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများ၌ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို အောက်တိုဘာ ၂၉ ရက်ကစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။ 

ကြိုတင်မဲကောက်ယူရာ၌ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့၊ မဲရုံတာဝန်ရှိသူများ၊ ရွေးကောက်ပွဲအထူးရဲ၊ ပါတီကိုယ်စားလှယ်လောင်းများဖြင့် ပွင့်လင်း မြင်သာဖြစ်စေရန် လုပ်ဆောင်ခဲ့သည်ဟု သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။ 

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များအတွက် အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူခြင်းကို နိုဝင်ဘာ ၅ ရက်နေ့ အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောကြားသည်။ 

"လူတစ်ယောက် မဲပေးဖို့အတွက် အနည်းဆုံး ၁၀ မိနစ်ကနေ ၁၅ မိနစ်ကျော်အထိ အချိန်ယူရပါတယ်။ အဆင်ပြေအောင်တော့ လုပ်ရမှာပဲ၊ သတ်မှတ်ရက်အတွင်းတော့ ပြီးအောင်လုပ်သွားရမယ်" ဟု ၎င်းက ပြောဆိုသည်။ 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေစဉ်ကာလအတွင်း ယခုကဲ့သို့ ကြိုတင်မဲကောက်ယူခြင်းသည် သက်ကြီးမဲဆန္ဒရှင်များအတွက် ကောင်းမွန်သောအစီအစဉ်တစ်ရပ် ဖြစ်သည်ဟု မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ အသက် ၆၀ ကျော် မဲဆန္ဒရှင်တစ်ဦးက ပြောကြားသည်။ 

"အခုလို အိမ်တိုင်ရာရောက်လာ ကောက်ပေးတာကတော့ အရမ်းကောင်းတဲ့ အစီအစဉ်ပါ" ဟု ၎င်းကပြောဆိုသည်။ 

မန္တလေးခရိုင်အတွင်း၌ ဆန္ဒမဲပေးခွင့်ရှိ သူစုစုပေါင်း ၁၂ သိန်းကျော်ရှိပြီး အသက် ၆၀ နှစ်အထက် မဲပေးခွင့်ရှိသူ ၁၆၀,ဝဝဝ ကျော်ရှိကြောင်း မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှတ်တမ်းများအရ သိရသည်။         

ဘုန်းမြတ်