News

POST TYPE

2020 ELECTION

သက်ကြီးရွယ်အိုများအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်
29-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၉

အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကွာရန်တင်းစင်တာများတွင် ဆေးကုသခံယူနေသူ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၉ ရက်မှစ၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမကျင်းပမီ ၁၀ ရက်အလိုတွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သတ်မှတ်ထားပြီး ကြိုတင်မဲပေးခြင်းစာရင်းတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကွာရန်တင်းစင်တာများတွင် ဆေးကုသခံယူနေသူများ စသည်တို့ကို သတ်မှတ်နေရာများနှင့် မိမိတို့၏နေအိမ်များတွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည့် အချို့မြို့နယ်များတွင် မိုဘိုင်းလ်စနစ်ဖြင့် ရပ်ကွက်အတွင်းတွင် ကားဖြင့်လှည့်လည်၍ မဲရုံသို့ မလာနိုင်သော သက်ကြီးရွယ်အိုများနှင့် နာတာရှည်လူနာများအတွက် အိမ်မှတစ်ဆင့် မဲပေးနိုင်ရန် ဆောင်ရွက်ခြင်းများလည်း ရှိသည်။

"မဲပေးရတာ အဆင်ပြေပါတယ်။ လွတ်လပ်မှုလည်းရှိပါတယ်။ ဒီမှာ မဲပေးပုံကတော့ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေအကွာပါပဲ။ ကျွန်တော့်အိမ်မှာတော့ ကြိုတင်မဲပေးတာ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ တက်လာမယ့် အစိုးရသစ်အနေနဲ့ လောလောဆယ်ဖြစ်နေတဲ့ ပြဿနာကပ်ဘေးကိုလည်း သေချာဆောင်ရွက်စေချင်တယ်။ လူ့အရင်းမြစ်တွေကိုလည်း သေချာပြုစုပျိုးထောင်စေချင်ပါတယ်" ဟု တာမွေမြို့နယ်တွင် ကြိုတင်မဲပေးသူ ဦးမြင့်ဆွေက ပြောသည်။

သတ်မှတ်နေရာများသို့ ကြိုတင်မဲ လာရောက်ပေးမည့်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များ အတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ Social Distancing နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများတွင်လည်း ပါးစပ်၊ နှာခေါင်းစည်း၊ Face Shield များ၊ လက်သန့်ဆေးရေများကိုလည်း စနစ်တကျထားရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသည်။

"ဘာအခက်အခဲမှမရှိဘူး။ တစ်ပတ်လောက်ကြိုပြီး ပြင်ဆင်ထားတာပါ။ ဝန်ထမ်းအင်အားတွေလည်း လုံလောက်ပါတယ်။ Social Distancing အရ ဆောင်ရွက်ပါတယ်။ အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူမှုလည်း ရှိပါတယ်။ မနက်ပိုင်းထိ ကြိုတင်မဲပေးသူ ၂၀ဝ လောက်ရှိပါတယ်။ အသက်ကြီးပိုင်းတွေ ပိုများပါတယ်" ဟု တာမွေမြို့နယ် ဘိုလိန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆိုင်းအောင်က ပြောဆိုသည်။

ကြိုတင်မဲပေးသည့်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း နေပြည်တော်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲပေးခဲ့သည်။  

J-02