News

POST TYPE

2020 ELECTION

ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကွမ်းဇော်နှင့် တွေ့ဆုံခြင်း
29-Oct-2020
"တောင်သူလယ်သမား သားသမီးလည်း ဖြစ်တဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေရဲ့ ဘဝတွေ မြှင့်တင်ပေးဖို့ရှိတယ်"



လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် - ၁ မှ ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကွမ်းဇော်နှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


Voice : ပြည်သူ့ပါတီကနေ ယှဉ်ပြိုင်ဖြစ်တဲ့ အကြောင်းအရင်းက။
UKZ : ကျွန်တော့်နာမည်က ဦးကွမ်းဇော်ပါ။ ကျူရှင်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ကျောက်ဆည်မြို့တောင်ဘက် ကျည်းပင်ရွာသား တောင်သူမိသားစုက မွေးဖွားတာပါ။ တောင်သူ လယ်သမားသားဖြစ်တဲ့အတွက်ကြောင့် တောင်သူ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ပညာရေး တွေကိုဆောင်ရွက်ဖို့အတွက် ပြည်သူ့ပါတီကနေ မန္တလေးတိုင်းလွှတ်တော် မဲဆန္ဒနယ်-၁ မှာ ဝင်ပြိုင်ရ ခြင်းဖြစ်ပါတယ်။

Voice : အခုဆိုရင် ဆရာလည်း မဲဆွယ်စည်းရုံးရေး ဆင်းနေပြီ။ ဆိုတော့ အမှတ်-၁ မဲဆန္ဒနယ်မြေအရ ဆိုရင် ကျေးရွာတွေ၊ မဲဆန္ဒရှင်တွေဆီကို ကွင်းဆင်း ဆောင်ရွက်နေတဲ့ အခြေအနေကို သိချင်ပါတယ်။
UKZ : ကျွန်တော် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၅ အုပ်စု၊ ကျေးရွာ ပေါင်း ၁၁၂ ရွာ ရှိပါတယ်။ ဒီရွာအားလုံးကို တစ်အိမ်ဆင်း တစ်အိမ်တက် မဲဆွယ်ပြီးပါပြီ။

Voice : ဆိုတော့ ခုလို မဲဆွယ်စည်းရုံးရတဲ့အခါ ဆရာ့အတွက် ဘာအခက်အခဲတွေရှိလဲ။ စိန်ခေါ်မှု တွေက ဘာတွေဖြစ်မလဲ။
UKZ : ကျွန်တော့်အတွက် အခက်အခဲက ရှိပါတယ်။ ဒါပေမဲ့ နည်းတော့ နည်းပါတယ်။ဘာလို့နည်းလဲလို့ပြောရင် ကျွန်တော်က ဆရာ တစ်ယောက်ဖြစ်တဲ့အတွက် ကိုးတန်း၊ ဆယ်တန်း ကျူရှင်သင်လာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။နောက်ပြီး ပရဟိတ လုပ်လာတာရှိပါတယ်။ ပရဟိတ လုပ်ငန်းတွေဖြစ်တဲ့ သောကြာကြယ်၊ ဆင်ဖြူချပ်၊ သမန္တလင်း ဗောဓိကျောင်း စတာတွေမှာ စာသင် လာတာလည်း ၁၅ နှစ်ရှိပါပြီ။

ကျွန်တော်က ကျူရှင်ဆရာတစ်ယောက် ဖြစ်တဲ့အတွက် ရွာတွေမှာလည်း တပည့်တွေ အများကြီး ရှိပါတယ်။ ရွာတွေ သွားတဲ့အခါ တပည့်တွေရဲ့ ကူညီမှုတွေ၊ ဝန်းရံမှုတွေ အများကြီးရခဲ့ပါတယ်။ ပါတီကြီးနှစ်ခုအကြားမှာ မဲဆွယ်စည်းရုံးရတာ ဖြစ်တဲ့အတွက် အဲဒီလိုသွားတဲ့အခါမှာ သူတို့ပါတီ အောင်နိုင်ရေးသီချင်းတွေ ဖွင့်ကြတယ်။ ဒါပေမဲ့ ကျွန်တော် ရောက်သွားတဲ့အခါ ကျွန်တော့်မြင်တာနဲ့ ငါတို့ဆရာကြီးလာပြီးဆိုပြီး ပိတ်ပေးတာမျိုဒတွေ ရှိတယ်။

နောက်တစ်ခုက အောင်နိုင်ရေးဆိုင်းဘုတ် တွေ ဖျက်ဆီးခံရတာတွေ ရှိပါတယ်။ အဓိကကြုံရ တာက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့ရဲ့ မျက်နှာလိုက်ခြင်းခံရတယ်။ အုပ်ချုပ်ရေးမှူးတွေက သူတို့ကြိုက်တဲ့ ပါတီတွေကို မျက်နှာသာပေးပြီး ကျွန်တော်တို့ပါတီငယ်တွေ၊ ပါတီအသစ်တွေ လာလို့ ပြဿနာတစ်စုံတစ်ခုဖြစ်ရင် ခင်ဗျားတို့ကပဲ သည်းခံ ဖို့၊ သူတို့ ရွာသူ ရွာသားကပဲ မှန်တယ်ဆိုတာမျိုးတွေ ပြောတာရှိတယ်။ ဒါပေမဲ့လည်း အပေါင်းအသင်း တွေရဲ့ ဝန်းရံမှုတွေ၊ ကျောင်းသူ ကျောင်းသားတွေရဲ့ ဝန်းရံမှုတွေ၊ ကျောင်းသားမိဘတွေရဲ့ ဝန်းရံမှုတွေနဲ့ အားလုံးပြေလည်ခဲ့ပါတယ်။

Voice :  ဆရာတို့ ပြည်သူ့ပါတီအနေနဲ့ ကျောက်ဆည်မြို့နယ်မှာ ဘယ်နှဦးဝင်ပြိုင်မှာလဲ။ ဆရာ့ရဲ့ ပြိုင်ဘက်တွေကရော ဘယ်သူတွေဖြစ်မလဲ။
UKZ : ပြည်သူ့ပါတီအနေနဲ့ ကျောက်ဆည်မြို့မှာ တိုင်းဒေသကြီး(၁) တစ်ခုတည်း ဝင်ပြိုင်မှာ ဖြစ်ပါ တယ်။ ဆိုတော့ ကျွန်တော်တစ်ယောက်တည်း ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ပြိုင်ဘက်တွေက တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြိုင်တာ ရှိတယ်။ ပြည်ထောင်စုကြံ့ခံရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ဝင်ပြိုင်တာရှိတယ်။ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီက ဝင်ပြိုင်တာရှိတယ်။ တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာလည်း ရှိတယ်ဆိုတော့ ပြိုင်ဘက်လေးဦး ရှိပါတယ်။

Voice : ဒီရွေးကောက်ပွဲမှာ ဆရာ့ရဲ့ မျှော်လင့်ချက်က ဘာဖြစ်မလဲ။
UKZ : ကျေးရွာတွေမှာ ကျွန်တော် တစ်အိမ် တက်ဆင်း မဲဆွယ်စည်းရုံးရေး ဆင်းခဲ့တယ်။မဲဆွယ်တဲ့အခါပြည်သူတွေရဲ့ လိုအပ်မှုတွေ၊ ရွာသူ ရွာသားတွေရဲ့ လိုအပ်မှုတွေ၊ ဒေသန္တရရဲ့ လိုအပ်မှုတွေ ကို တင်ပြကြတယ်။ ကျွန်တော် သေချာ နားထောင် တယ်။ မှတ်လည်း မှတ်ခဲ့တယ်။ တကယ်လို့ သူတို့ တောင်းဆိုတာတွေ လုပ်ပေးနိုင်ဖို့ဆိုရင် ကျွန်တော့်ကို မဲပေးမှ ရမှာပါ။ ကျွန်တော်က မဲဆွယ်သလို သူတို့ကလည်း ပေးပါမယ်လို့ ကတိကဝတ်တွေ ရှိတယ်။ တကယ်လို့ ရသွားရင် ခုနက ကျွန်တော် ပြောသလို တောင်သူလယ်သမားသားသမီးလည်း ဖြစ်တဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေရဲ့ ဘဝတွေ မြှင့်တင်ပေးဖို့ရှိတယ်။ ကျွန်တော်တို့ ကျောက်ဆည်အရှေ့ဘက်က ဘော်တောင်ဒေသ ဆိုရင် လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ပညာရေးမကောင်းတာတွေ့ရတယ်။ကျန်းမာရေး မကောင်းတာတွေ တွေ့ရတယ်။ နောက်ပြီး ရေမရ ဘူး။ တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးဖို့ ကျွန်တော် ကတိကဝတ်ပြုခဲ့တာရှိတယ်။ကျွန်တော် သာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ရင် ဒါတွေ ဆောင်ရွက်သွားဖို့ ကတိစကားပြောချင်ပါတယ်။

Voice : ဆရာ့မဲဆန္ဒနယ်ထဲမှာဆိုရင် အလုပ် သမားနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေလည်း ရှိတယ် ဆိုတော့ ဒါတွေကိုရော ဘယ်လိုဖြေရှင်းပေးမယ် စိတ်ကူးထားတာရှိလဲ။
UKZ : ကျွန်တော်ဝင်ပြိုင်မယ့်နယ်မြေမှာ အလုပ် သမား သုံးသောင်းခွဲလောက် ရှိတယ်လို့သိရတယ်။အဓိကတော့ စက်ရုံ အလုပ်သမားတွေရဲ့ ကျန်းမာ ရေးတွေ၊ ရပိုင်ခွင့်လုပ်အားခတွေ ခေတ်နှင့် လျော်ညီစွာ ရနိုင်ဖို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး ကတိပြုထားတာတွေရှိတယ်။ လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးကိစ္စတွေလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ရှိပါတယ်။ ဒါကြောင့် အလုပ်သမားတွေကလည်း ကျွန်တော့်ကို မဲပေးပါလို မေတ္တာရပ်ခံပါတယ်။

မောင်ရဲနွေ