News

POST TYPE

2020 ELECTION

ရှမ်းမြောက်ဒေသရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ရွေးကော်ထုတ်ပြန်
28-Oct-2020
လားရှိုး၊ အောက်တိုဘာ ၂၈ 

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မူဆယ်၊ လားရှိုးနှင့် ကွမ်းလုံမြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။ 

မူဆယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခု၊ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုခြောက်ခုနှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာထားမှုအနက်မှ အချို့ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

“လားရှိုးမြို့နယ်ထဲက မဲဆန္ဒရှင် ၅၀ဝ၀ ခန့်ရှိတဲ့ မယ်ဟန်ကျေးရွာအုပ်စု၊ မူဆယ်မြို့ပေါ်က မဲဆန္ဒရှင် ၃၀ဝ၀ ကျော်ရှိတဲ့ တော်ရွက်ကျေးရွာအုပ်စုနဲ့ ကွမ်းလုံ မြို့နယ်အတွင်းက မဲဆန္ဒရှင် ၁၅၀ဝ ကျော်ရှိတဲ့ မန်ပြိန်းကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲပြန်လုပ်ပေးမှာဖြစ်ပါတယ်”ဟု လားရှိုးမြို့ရှိ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးနှစ်ဆန်းဦးက ပြောဆိုသည်။ 

အဆိုပါကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း သက်ဆိုင်ရာသို့တင်ပြပေးရန် တောင်းဆိုမှုကြောင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြပေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပခွင့် မပြုခဲ့သည့် ကျေးရွာအုပ်စုများမှာ လားရှိုးမြို့နယ် အတွင်းမှ ကျေးရွာအုပ်စုခြောက်ခု၊ မူဆယ်မြို့နယ်မှ ကျေးရွာအုပ်စုကိုးခု၊ တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ ခု၊ ကျောက်မဲခရိုင်အတွင်းမှကျေးရွာအုပ်စု ၁၂ ခု၊ နောင်ချိုမြို့နယ်မှ ကျေးရွာအုပ်စုတစ်ခု၊ မန်တုံမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုနှစ်ခု၊ နမ်ဆန်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စုသုံးခု၊ ကွတ်ခိုင်မြို့နယ် အတွင်းမှ ကျေးရွာအုပ်စုလေးခု၊ လောက်ကိုင်ခရိုင်ရှိ ကုန်းကြမ်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုတစ်ခုနှင့် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကျေးရွာအုပ်စု  ၄၂ ခု တို့ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

R-07