News

POST TYPE

2020 ELECTION

မဲရုံသုံးပစ္စည်းများပို့ဆောင်သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်နှင့်ပစ်ခတ်ခံရ
28-Oct-2020
ပဲခူး၊ အောက်တိုဘာ ၂၈ 

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်သို့ မဲရုံသုံးပစ္စည်းများပို့ဆောင်ပေးခဲ့သည့် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို လက်နတ်ကိုင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသန်းကျော်က ပြောကြားသည်။ 

“ခရိုင်အုပ်ချုပ်ရေးမှူး နဲ့စာရေးကြီးတစ်ဦး ဒဏ်ရာရသွားတယ်။ တောင်ကြီးမြို့နယ်မှာရှိတဲ့ ရုရှားဆေးရုံကိုပို့ပြီး ကုသပေးနေရတယ်။ ဒဏ်ရာတွေက အရိုးထိတာ၊ ဘာညာထိတာဖြစ်ကုန်တယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါနေ့နံနက်ပိုင်းက လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေးနှင့် ဌာနခွဲစာရေးကြီးတို့ ဦးဆောင်သည့်အဖွဲ့သည် မိုင်းပန်မြို့နယ်သို့ ရွေးကောက်ပွဲသုံး ပစ္စည်းများ ပို့ဆောင်ပေးခဲ့ပြီးအပြန် မွန်းလွဲ ၁ နာရီခန့်က နာလောကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး၏ ဘယ်ဘက်ပေါင်တွင် ထိမှန်ဒဏ်ရာရခဲ့ပြီး ဌာနခွဲစာရေးကြီး၏ ဘယ်ဘက်ဒူးတွင်လည်း ကျည်ထိ မှန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က RCSS/SSA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းမီဒီယာ အချို့ကို ဖြေကြားထားသည့်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးအုပ်ခေးထံ The Voice Daily သတင်းစာက အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “သူတို့ဒီလိုသွားမယ်ဆိုတာ အကြောင်းကြားသွားပေမယ့် သွားတာမြန်သွားတဲ့အခါကျတော့ ရှေ့တန်းကလူတွေမသိဘဲ ဖြစ်ခဲ့တာပါ။ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ဖို့ကိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောတတ်သေးဘူး”ဟု ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၁၄ ခုရှိပြီး လာမည့်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်ဟု လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။            

R-02