News

POST TYPE

2020 ELECTION

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် ပုသိမ်တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
28-Oct-2020


ပုသိမ်၊ အောက်တိုဘာ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ပေးရန်ဟုဆိုကာ ပုသိမ်မြို့တွင် နေထိုင်သည့် လူ့အခွင့်အရေး၊ လယ်သမားအရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအေးဝင်း က အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့တွင်းလှည့်လည်၍ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ပြည်ပဩဇာခံထောင်ပြေး မိုက်ကယ်ကျော်မြင့် (ခ) ဦးကျော်မြင့်ကို ပါတီဖွဲ့စည်းခွင့်ပေးခဲ့ခြင်းနှင့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီUDP) ကိုယ်စားလှယ်လောင်းများအား ၂၀၂၀ ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့မိခြင်းတို့အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖြေရှင်းမှု မှာ ပေါ့လျော့နေပြီး ပြည်သူများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအေးဝင်းက The Voice Daily သို့ ပြောကြားသည်။ 

“အောက်တိုဘာ ၂၅ ရက်နေ့မှာ့စ Up to Date တို့ One News တို့မှာ ဘာပါလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စိစစ်မှုက အားနည်းခဲ့ပါတယ်လို့ ပြောတယ်။ ဒါဟာ ပြည်သူလူထုကို ပါးပါးလေးနဲ့ လှည့်တာပေါ့ဗျာ။ ရွေးကောက်ပွဲအတွက် လက်ရှိကော်မရှင်ကို တစ်တိုင်းပြည်လုံးက အထူးအလေးထားပြီး ကြည့်နေချိန် ဘာဖြစ်လို့အားနည်းပါတယ်လို့ပြောရတာလဲ။ အားနည်းပါတယ်လို့ပြောရတဲ့ နောက်ကွယ်မှာ ဘာရှိလဲ။ ပြောရရင် လာဘ်ပေးလာဘ်ယူထဲမှာ စီးမျောသွားတယ်လို့ယူဆတယ်။ အဲဒါကြောင့် ကော်မရှင်ဥက္ကဋ္ဌ ထွက်ပေးစေချင်တယ်”ဟု ၎င်းကရှင်းပြသည်။

၁၉၉၈ ခုနှစ်က ကုမ္ပဏီများအက်ဥပဒေ၊ ငွေကြေးမသမာမှုတို့ဖြင့် မန္တလေးအကျဉ်းထောင်တွင် ထောင်ကိုးနှစ်ကျနေစဉ် ထွက်ပြေးခဲ့သူ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့် (ခ) ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ပြီး နောက် ၎င်း၏ပါတီကို အောက်တိုဘာ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာကာ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုလည်း ဖယ်ရှားခဲ့သည်။

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ဦးအေးဝင်းသည် ပုသိမ်မြို့ မဟာဗန္ဓုလမ်း နှင့်မင်းကြီးလမ်းဆုံရာ တိုင်းအစိုးရရုံး မီးပွိုင့်အနီးမှစတင်၍ “ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးပါ” ဟု ရေးသားထားသောဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ မင်းကြီးလမ်း၊ ရွှေစေတီလမ်း၊ ကုန်သည်လမ်း၊ မြေနုလမ်း၊ ကမ်းနားလမ်းတို့တွင် ၃၅ မိနစ်ခန့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာဌာနများတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် တင်ပြ အကြောင်းကြားထားခြင်း မရှိကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ 

R-04