News

POST TYPE

2020 ELECTION

ရခိုင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် ရွေးကောက်ပွဲပြန်လုပ်မည်
28-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၈ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် နှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ စုကို ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် စာရင်းမှပယ်ဖျက်ကြောင်း ကြေညာချက် အမှတ် ၂၀၁/၂၀၂၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၅၄ ခုကိုလည်းကောင်း၊ အမ်းမြို့နယ်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၂ ခုကိုလည်းကောင်း ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ယင်းနယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။

ယင်းသို့ ရွေးကောက်ပွဲမလုပ်ရန် ကြေညာခဲ့သည့် မဲဆန္ဒနယ်များထဲမှ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တောကျေးရွာအုပ်စု၊ အဝတောင် ကျေးရွာအုပ်စုတို့ကိုလည်းကောင်း၊ အမ်းမြို့နယ်အတွင်းမှ အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စု၊ အမ်းတောင်ကျေးရွာ အုပ်စုတို့ကိုလည်းကောင်း ရွေးကောက်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။

"ဒီလောက်ကြီးကျယ်တဲ့ ၅ နှစ်တစ်ကြိမ် လုပ်ရတဲ့ ရွေးကောက်ပွဲကြီးတစ်ခုမှာ အာဏာကုန်ရှိနေတဲ့ UEC အနေနဲ့က စိတ်မှာထင်သလို လုပ်နေတဲ့ပုံ မျိုးပေါက်နေတယ်။ ဥပဒေနှင့်အညီ တိတိကျကျလုပ်ရမယ့် အလုပ်တွေမှာ လုပ်ပုံလုပ်နည်းတွေက တကယ့်ကို ကိုးရိုးကားရားနိုင်တယ်လို့ ပြောရမယ်။ သုံးသပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလက်ဝနဲ့ ပေါက်တောကို နှိုင်းယှဉ်တာမျိုးတွေ၊ ကြားမှာလည်း စကားက ခင်းထားလိုက်သေးတယ်။ ပြန်စိစစ်မယ်ဆိုတာမျိုးတွေ၊ နောက်ပြီးတော့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးကျတော့လည်း ကျွန်တော်တို့ပေးလိုက်တဲ့ လုံခြုံရေးကိစ္စနဲ့ UEC က ထုတ်ပြန်ချက်တွေ ကွာဟမှုရှိပါတယ်။ ဒါပေမဲ့ ထုတ်ပြောလို့ မဖြစ်ပါဘူးဆိုတဲ့ အမြင်မတူတာတွေပေါ့"ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ (၁) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က သုံးသပ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုနှင့် ကျောက်ဖြူမြို့နယ်တွင် ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)စု၊ အမ်းမြို့နယ်တွင် ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)စု၊ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု(၄) စုနှင့် တောင်ကုတ် မြို့နယ်တွင် ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)စုတို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ 

"ရွေးကောက်ပွဲတစ်ခုဟာ ကလေးကစားသလိုမျိုး လုပ်ကောင်းလား၊ လုပ်အပ်လား။ ရခိုင်ပြည်နယ်မှာဆိုရင် မောင်တောနဲ့ ပေါက်တော ပြန်ပါလာ မလိုလို ဘာလိုလိုသတင်းတွေတောင် ဖြစ်သေးတယ်။ ဒါပေမဲ့ မနေ့က ထုတ်ပြန်တဲ့အထဲမှာ ပလက်ဝကို နည်းနည်းလျှော့ချတယ်။ အမ်းနဲ့ ကျောက်ဖြူကို နည်းနည်းတိုးလိုက်တယ်။ တိုးလိုက်တဲ့ အမ်းနဲ့ကျောက်ဖြူက တပ်ဧရိယာတွေ။အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကြီးဟာ ဘာပဲဖြစ်ဖြစ် မလွတ်မလပ် အနှောင်အဖွဲ့ ဖိအားတွေနဲ့ မမျှမတ အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်နေတဲ့ပုံမျိုးကိုတော့ ကမ္ဘာမှာ ပုံရိပ်ထင်စေခဲ့ပြီလို့ ပြောချင်ပါတယ်" ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။

S-08