News

POST TYPE

2020 ELECTION

မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ မကျင်းပပေးသည့်အတွက် ရွေး/ကော်ကို မေးခွန်းထုတ်စရာဖြစ်နေဟု SNLD ပြောကြား
28-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် မိုင်းကိုင်မြို့တွင် ရွေးကောက်ပွဲမကျင်းပပေးသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်စရာ အကြီးကြီးရှိနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (SNLD) တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့် က ဝေဖန်ပြောကြားသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု၊ ကွမ်းလုံမြို့နယ်၊ မန်ပြိန်းကျေးရွာအုပ်စုတို့ကိုလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာချက်အမှတ် ၁၉၇/ ၂၀၂၀ ဖြင့်ထုတ်ခဲ့ပြီးနောက် ယင်းနယ်မြေများကို ရွေးကောက်ပွဲမကျင်းပသည့်စာရင်းမှ ပြန်လည်ပယ်ဖျက်ခဲ့သည်။

ယင်းမဲဆန္ဒနယ်များကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်ကိုမူ ထည့်သွင်းထားခြင်းမရှိခဲ့ပေ။

ယင်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အပေါ် The Voice Daily က SNLD ပါတီ၏ သဘောထားကို မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဲဒီနေရာတွေ ပြန်ပါလာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက မိုင်းကိုင်ဗျ၊ မိုင်းကိုင်က ပြန်မပါဘူးဆိုတာကတော့ မေးခွန်းထုတ်စရာ အကြီးကြီးရှိနေတယ်။ အဲဒီမှာက တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊ ပလက်ဝ မြို့နယ်ကျတော့ ကျေးရွာအုပ်စုတွေ ထပ်ပြီးပယ်ဖျက်လိုက်တယ်။ ဒါပေမဲ့ ကျင်းပတာပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျင်းပတယ်။ ရှိတဲ့နေရာကွက်ကွက် လေးလောက်ကျန်ပြီးတော့ မဲပေးပိုင်ခွင့်လူဦးရေအနည်းငယ်နဲ့လည်း ဆက်ကျင်းပတာပဲလေ၊ အဲဒီမြို့နယ်ကိုတောင် ဒီလိုလုပ်တယ်ဆိုရင် မိုင်းကိုင်ကရော တခြားဘာစိန်ခေါ်မှုများ ဘယ်လောက်ကြီးလို့ တုန်း၊ ပလက်ဝနဲ့ မိုင်းကိုင်နဲ့ ယှဉ်လိုက်ရင် တည့်ပြောရရင် ယူအီးစီရဲ့ သမာသမတ်ရှိမှုကို မေးခွန်းအကြီးကြီးထုတ်စရာရှိတယ်" ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်အမတ်နေရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)က ၁၂၂၃၅ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က ၂၂၉၄ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၄၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)က ၉၆၀ အသီးသီးရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်အမှတ်(၁)နေရာ တွင် SNLD က ၈၃၉၂ မဲ၊ USDP က ၁၂၇၅ မဲ၊ NLD က ၁၀၃၈ မဲ၊ SNDP က ၅၇၇ မဲ၊ ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာတွင် SNLD က ၄၃၀ဝ မဲ၊ USDP က ၁၁၈၃ မဲ၊ NLD က ၁၁၄၆မဲ၊ SNDP က ၄၉၅မဲ အသီးသီးရရှိခဲ့ပြီး SNLD က အပြတ်အသတ်ဖြင့် ရရှိထားသည့်မြို့နယ်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

"ပလက်ဝကလည်း တပ်ကနေ လုံခြုံရေးအရ အခက်အခဲရှိတယ်ဆိုပြီး တင်ပြထားတဲ့နေရာပဲ၊ မိုင်းကိုင်ကျတော့ လုံခြုံရေးအရ အခက်အခဲရှိတယ်လို့သာ တင်ပြတာ။ လက်တွေ့မှာတိုက်ပွဲဖြစ်မနေဘူး။ ပလက်ဝထက်စာရင် မိုင်းကိုင်က အခြေအနေအရ သုံးသပ်ရရင် အများကြီးသာတယ်။ စဉ်းစားစရာဖြစ်လာတာက ဘာလဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပလက်ဝက အန်အယ်ဒီနိုင်ခဲ့ပြီးတော့ မိုင်းကိုင်က SNLD နိုင်လို့လားပေါ့။ ဆိုတော့ ကျွန်တော်တို့က အဲဒီလို မစဉ်းစားချင်ဘဲနဲ့ကို အဲဒီလို စဉ်းစားရမလို ဖြစ်နေတယ်။ အဲဒီတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုကို မေးခွန်းအကြီးကြီးထုတ်စရာရှိပါတယ်" ဟု ဦးစိုင်းကျော်ညွန့်က ဝေဖန်ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၉၄) ခုကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၂၀ဝ/၂၀၂၀) ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

S-08