News

POST TYPE

2020 ELECTION

မဲရုံဝန်ထမ်းများနှင့် မဲပေးမည့်သူများအတွက် ကျန်းမာရေးအစီအမံများ အချိန်မီထုတ်ပြန်ပေးရန် ကြံ့ခိုင်ရေးပါတီ အိတ်ဖွင့်ပေးစာပို့
27-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများနှင့် ဆန္ဒမဲပေးမည့် ပြည်သူများအတွက် Covid -19 ကပ် ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်မည့် ကျန်းမာရေးအစီအမံများကို အချိန်မီထုတ်ပြန်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အောက်တိုဘာလ ၂၆ ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သည်။

မဲပေးခြင်းကြောင့် ရောဂါကူးစက်ပျံ့ပွားမှု ပိုမိုဆိုးရွားမလာနိုင်ပါဟု မဲရုံဝန်ထမ်းများနှင့် ပြည်သူအများလက်ခံ ယုံကြည်နိုင်မည့် အချက်အလက်အထောက်အထား ပြည့်စုံသောသတင်းစကားနှင့် အကာအကွယ်အစီအမံများ ထုတ်ပြန်အသိပေးရန် လိုအပ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ အဆိုပါအိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် မဲပေးခွင့်ရှိသူသာ မဲပေးခွင့်ရရှိခြင်း၊ မဲပေးခွင့်ရှိသူ ဟုတ် /မဟုတ် ပွင့်လင်းလွတ်လပ် တိကျစွာစစ်ဆေးနိုင်ခွင့်ရှိခြင်း၊ မဲပေးသည့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပြတ်သားပြီး တိကျခိုင်မာမှုရှိခြင်းနှင့် မဲရုံအားလုံးအတွက် တစ်ပြေးညီလိုက်နာကျင့်သုံးနိုင်ခြင်း စသည့် သတင်းအချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံဝန်ထမ်းများ အပါအဝင် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့များက ရှင်းလင်းတိကျစွာ သိရှိထားရန် လိုအပ်ကြောင်းလည်း ယင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

"အဓိက,ကတော့ ဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကလည်း ဆက်လက်ပြီးတော့မြင့်တက်နေတယ်။ သေတဲ့သူကလည်းပဲ တစ်နာရီကို တစ်ယောက် ကျော်လောက် သေနေပြီ၊ အဲလိုဖြစ်နေတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြည်သူလူထုက ကြောက်ပြီးတော့ မဲလာမပေးတာမျိုးတွေဖြစ်မယ်။ အဲဒါကြောင့် မဲလာပေးမယ့် ပြည်သူလူထုအတွက်ရော၊ မဲရုံမှတာဝန်ကျတဲ့ လူတွေအတွက်ပါ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုအတွက် ဘယ်လိုတွေဆောင်ရွက်ထားသလဲဆိုတဲ့ဟာကို အားလုံးသောပြည်သူတွေအတွက် ကျွန်တော်တို့ပါတီကနေ အိတ်ဖွင့်ပေးစာပေးပို့လိုက်ခြင်းဖြစ်ပါတယ်" ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကရှင်းပြသည်။

ရောဂါဘေး၊ လက်နက်ဘေးကျ ရောက်သောဒေသများတွင် ပြည်သူတို့၏ လုံခြုံရေးကို ရှေးရှု၍ ရွေးကောက်ပွဲကျင်းပခြင်းကို ရွှေ့ဆိုင်း/ပယ်ဖျက်ခြင်း၊ လက်နက်ဘေး၊ သဘာဝဘေးအန္တရာယ်များ နည်းပါး/ကင်းရှင်းသည့် မဲဆန္ဒနယ်မြေများတွင် မဲဆန္ဒရှင်နိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးကို အာမခံလျက် ရွေးကောက်ပွဲများ မဖြစ်မနေကျင်းပပေးခြင်း၊ မဲစာရင်း အတိုး၊ အလျော့များပြုလုပ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဟုတ်/မဟုတ်၊ စိစစ်ရေးအတွက် တိကျခိုင်မာအာမခံနိုင်သော လုပ်ထုံးလုပ်နည်းများ၊ မဲရုံတွင် မဲပေးခြင်း နှင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြည်တွင်း၊ ပြည်ပ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ဝင်များအတွက် တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ သတ်မှတ်ထုတ်ပြန်ပေးခြင်း၊ရောဂါထိန်းချုပ်နိုင်မှု အခြေအနေများကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် မဲဆန္ဒရှင်ပြည်သူ များသို့ တိကျစွာ ထုတ်ပြန်အသိပေးခြင်းများ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင်ပါရှိသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရန် ရက် သတ္တပတ် တစ်ပတ်ကျော်ခန့်သာ လိုတော့သည့် အချိန်လည်းဖြစ်သည်။

S -08