News

POST TYPE

2020 ELECTION

ကန့်ဘလူမြို့နယ်အတွင်း စည်းရုံးရေးသွားစဉ် လူသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ကြံ့ခိုင်ရေးပါတီပြော
27-Oct-2020


မုံရွာ၊ အောက်တိုဘာ ၂၇ 

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကာဘိုးကျေးရွာတွင် အောက်တိုဘာ ၂၂ နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ် အခြားပါတီဝန်းရံသူများနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုဖြစ်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ယင်းပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားလိုက်သည်။ 

မုံရွာမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပါတီတာဝန်ရှိသူများက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ပါတီစည်းရုံးရေးလုပ်ငန်းများကို အောက်တိုဘာလ ဒုတိယပတ်တွင် မော်တော်ယာဉ်များဖြင့် လှည့်လည်စည်းရုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်းနှင့် ထန်းကုန်းကျေးရွာတို့မှ ကြံ့ခိုင်ရေးပါတီကိုဝန်းရံသူများ လှည့်လည်သည့် ခရီးစဉ်တွင် အခြားပါတီက ဟန့်တားနှောင့်ယှက်ခြင်း၊ ညစ်ညမ်းစွာဆဲရေးမှု ပြုမူခြင်းများနှင့် ကြုံတွေ့ရကြောင်း၊ ခရီးစဉ်တွင်လိုက်ပါခဲ့သည့် မော်တော်ယာဉ်တစ်စီးကားနောက်မှန် ခဲဖြင့်ထုနှက်ခံရပြီး မှန်ကွဲသွားသဖြင့် ကာဘိုးတွင် တစ်ဖက်ဝန်းရံသူများနှင့် ထိတ်တိုက်တွေ့ခဲ့ရာမှ လူသေဆုံးမှုဖြစ်ခဲ့သည်ကို မသိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။ 

“ပါတီအနေနဲ့ အဲ့ဒီနေ့က ဘာမှမသိပါဘူး။ ၂၄ ရက်နေ့ကျမှ လူတစ်ဦးဒဏ်ရာရပြီး သေဆုံးတယ်ဆိုတာ သိရတယ်။ ကျွန်တော်တို့ ဝမ်းနည်းကြောင်း ပြောလိုပါတယ်၊ အလွန်စိတ်မကောင်းဖြစ်ရပါတယ်”ဟု ၎င်းကပြောဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်း ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုဝန်းရံသူများ၏ ဟန့်တားနှောင့်ယှက်မှုနှင့် ကြံ့ခိုင်ရေးပါတီအား အပုပ်ချဆဲရေးခြင်းများ မရေမတွက်နိုင်အောင်ကြုံခဲ့ရကြောင်း၊ ထိုသို့ နှောင့်ယှက်မှုများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ထံ အသိပေးတိုင်ကြားခဲ့သော်လည်း ယင်းကိစ္စများဆက်တိုက်ဖြစ်နေသဖြင့် ပါတီအောင်နိုင်ရေး စည်းရုံးရေးသာ ဆက်လုပ်ခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အားပေးဝန်းရံထောက်ခံသူများ၏ နှောင့်ယှက်ဟန့်တားမှု ဗီဒီယိုဖိုင်များပြသကာ ကြံ့ခိုင်ရေးပါတီက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။ 

R-08