News

POST TYPE

2020 ELECTION

တိုက်ပွဲမရှိဘဲ ရွေးကောက်ပွဲကျင်းပမပေးခြင်းသည် နိုင်ငံရေးအရပိတ်ပင်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီပြော
17-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁၇ 

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ နေရာအချို့တွင် တိုက်ပွဲမရှိပါပဲ ရွေးကောက်ပွဲကျင်းပမပေးခြင်းသည် နိုင်ငံရေးအရ ပိတ်ပင်တားဆီးခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က The Voice Daily သို့ပြောကြားသည်။ 

“အခု ဖယ်ထုတ်ထားတဲ့မြို့နယ်တိုင်း၊ နေရာတိုင်းမှာ တိုက်ပွဲတွေ တစ်မြို့နယ်လုံးတစ်ခါတည်း တဒိုင်းဒိုင်းဖြစ်နေတာမှ မဟုတ်တာ၊ မြေပုံတို့ မင်းပြားတို့မှာဆိုရင်လည်း နေရာတိုင်းမှာဖြစ်နေတာမဟုတ်ဘူး။ တခြားမြို့နယ်တွေဖြစ်တဲ့ ဥပမာ ဘူးသီးတောင်၊ မောင်တောတို့ဆိုရင် တိုက်ပွဲတွေဘာမှ ရှိတာမှ မဟုတ်တာ၊ စေတနာရှိတယ်ဆိုရင် ပြည်သူကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်းတွေကို တရားဥပဒေနဲ့အညီမျှတတဲ့ ရွေးကောက်ပွဲလုပ် ပေးသင့်တယ်။ အခုလိုလုပ်လိုက်တာဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီရဲ့ ထက်မြက်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပြည်သူ့ကိုယ်စားပြုပြီးတော့ ဆောင်ရွက်မပေးနိုင်အောင် နိုင်ငံရေးအရ ပိတ်ပင်လိုက်တယ်လို့မြင်တယ်၊” ဟု ၎င်းကဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုနှင့် ကျောက်ဖြူမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)စု၊ အမ်းမြို့နယ်တွင် ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉)စု၊ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု (၄) စုနှင့် တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ကျေးရွာအုပ်စု (၅၂) စုတို့ကို ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၉၆/၂၀၂၀) ဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ 

“အတိုဆိုးနဲ့ အရှင်းဆုံးပြောရရင် တရားမမျှတတာလေးတွေပါတယ်၊ဥပမာအားဖြင့် ပလက်ဝမှာ တိုက်ပွဲတွေဖြစ်တယ် ၊နယ်မြေမလုံခြုံဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲလုပ်မယ်။ စစ်တွေခရိုင်ပေါက်တောမှာက ကျည်တစ်ထောင့်မှမပစ်ဘူး။ ဘယ်တုန်းကမှလည်းတိုက်ပွဲမဖြစ်ဘူး။ ဒါပေမယ့်ပေါက်တောကို ဖယ်ထုတ်ထားတယ်။ အဲဒါတွေက ရွေးကောက်ပွဲဝင်ရင် ရှုံးမှာကြောက်လို့ အဲဒီလိုနယ်မြေတွေကို ဖယ်ထုတ်ခဲ့တာလို့မြင်တယ်။” ဟု ဦးထွန်းအောင် ကျော်က ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ကို ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်များအဖြစ်သတ်မှတ်ခဲ့ပြီး၊ ကျောက်ဖြူမြို့ နယ်တွင် ပြင်ဖြူမော်ရပ်ကွက်၊ တောင်ရင်းရပ်ကွက်၊ သဲတန်း၊ သဲချောင်း၊ မဒေးကျွန်း၊ ဂုံးချိန်၊ အုန်းတော၊ ကမ်းဒီး၊ ချောင်းဝ၊ မင်းပြင်၊လိပ်ခမော်၊ကျောက်ပြင်၊ ကပ်သပြေ၊ ကြပ်တိန် ၊ စစ်တော၊ သိုင်းချောင်း၊ ဒိုးမတောင်၊ စိုင်ခြုံ၊ ဦးဂင်း၊ ငစိမ့်ပြင်၊ ဆင်ဘုတ်၊ ငလုံးစု၊ဇင်ချောင်း၊သံချောင်း၊ကလန့်တဲ၊ တဘက် ၊မင်းရပ် ၊ ကင်းမြောက်၊ ကိုင်းချောင်း၊ လေးပုံကျောက်၊ အလယ်ဒွိန်၊စနဲမင်းပြင်၊ ကျောက်တောင်ပြိန်၊ ကုလားကြမ်း၊ မျှောချောင်း၊ ရေမျက်၊ ဘယာ၊ အဝတောင်၊ဝပြေ၊ မင်းချောင်း၊ အလံချိန်၊ ရတန၊ ဂန့်ဂါ၊ ပန်းတောပြင်၊ ခြုံဆွယ်၊ ကျောက်ငူ၊ ဂြင်ကြီး၊ မင်းဂံ၊ လဟာကြီး၊ ရွှေညိုမ၊ ဝါးတောင်၊တဲချောင်း၊ ကျောက်ကြီးပြင်၊ ဇင်ကျွန်းကျေးရွာအုပ်စုတို့ကို လည်းကောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

ထို့ပြင် အမ်းမြို့နယ်တွင် ရပ်ကွက် အမှတ်(၁)(၂)(၃)(တပ်တောင်မြို့)၊ အမ်းမြောက်၊ အောက်၊ ကင်းခြေ၊ ဂဏန်းပြင်၊ လုံးကောက်၊ လောင်းဒုံးကွင်း၊ အမ်းတောင်၊ ဂဲလောင်း၊ ဇူကိုင်း၊ လက်ခွါတွေ၊ မြန်မာဘုတ်ချောင်း၊ မဲလက်မောင်း၊ မွှား၊ ညောင်ချောင်း၊ နွားရုံတောင်၊ ပုံဏဝ၊ ဖက်ချောင်း၊ ရူး၊ စပ်စီ၊ စခန်းမော်၊ စနဲ၊ ဒါးလက်၊သာ စည်၊ တိုက်မော်၊ တန်းတင်၊ တောင်ဖီလာ၊ ရေဘုတ်၊ ကျောက်မြောင်း၊ ဇင်တောကျေးရွာအုပ်စုတို့ကို လည်းကောင်း၊ စစ်တွေမြို့နယ်တွင် ညိုရောင်ချောင်း၊မြစ်နား၊ ဂန့်ဂေါ်၊ ဝါဘိုကျေးရွာအုပ်စုတို့ကိုလည်းကောင်း၊ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက်အမှတ်(၁)(၂)(၃)(၄)(မအီမြို့)၊ ရပ်ကွက်အမှတ်(၁)(အထက်ပိုင်း)၊ အမှတ်(၂) (အလယ်ပိုင်း)၊ အမှတ်(၃)(အောက်ပိုင်း)၊ အမှတ်(၄)(ရွာသစ်)၊ အမှတ်(၅) (ကူးတို့ဆိပ်)၊ အမှတ်(၆)(မော်လှမော်) ရပ်ကွက် (တန်လွဲရွာမမြို့)တို့နှင့် ပေါက်ပြင်၊ တရဘ၊ ကင်းတောင်၊ ပလဝါ၊ ရဖလေး၊ သဖန်းချို၊ ပျဉ်းချောင်း၊ ကြက်ကိုင်း၊ ကျောက်မောင်နှမ၊ ငလုံးမော်၊ မီးချောင်းလူး၊ ခမောင်းချိုင်၊ လက်ပံကျွန်း၊ လှေကာထွေ၊ ကျောက် ဆိပ်တောင်၊ မြို့တောင်ကြီး၊ မိုး၊မောင်း၊ ရန်မျိုး၊ မီးချောင်းထိုး၊ အောက်ကိုင်းရှည်၊ ဒုံ၊ သင်္ချီကိုင်း၊ကြိုးကြာကွင်း၊ ရန်ခေါ်၊တရဂူ၊ ကမ်းဒေး၊ ခူး၊ ဂျီဝ၊ ညောင်ပင်ဆိပ်၊ ခရိုင်၊ ဂျီပြင်၊ ကုလားရောင်၊ အရှေ့ ဘက်၊ ငမောက်ချောင်း၊ ဖောင်းခါး၊ ကလိန်တောင်၊ သလိန်ပြင်၊ တောင်၊ ဝက်ကျိတ်၊ နတ်မော်၊ သဒွန်၊ ချက်ဖောက်၊ ကျောက်ဝေ၊ ကျော် ကိုင်း၊ လမူးမော်၊ ဘူးရွှေမော်၊ ပဒါ၊ဆားပြင်၊ ဇနီ၊ လက်ပံ၊ ဆင်တင်ဂျီဖြူကျေးရွာအုပ်စုတို့ကို လည်းကောင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရများအဖြစ် ထုတ်ပြန်ချက်တွေ ဖော်ပြထားသည်။

အဆိုပါ နယ်မြေများတွင် ရွေးကောက်ပွဲမကျင်းပနိုင်မည့် အကြောင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် အသေးစိတ်ရှင်းလင်းချက် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

“တကယ့်တကယ့်ကို တိုင်းရင်းသားညီအစ်ကိုမောင်နှမဆိုတဲ့စိတ်၊ နောက်တစ်ခုက ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးတန်းတူရည်တူအခွင့်အရေးပေးချင်တယ်ဆိုတဲ့စိတ်ရှိလို့ရှိရင် တရားမျှတစွာလုပ်ပေးသင့်တယ်။ စစ်တွေမှာဆိုရင် တိုက်ပွဲဖြစ်တာလုံးဝမရှိဘူး။ မရှိပဲနဲ့ကို ဖယ်ထုတ်ခဲ့တာ။ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် အဲဒီဖယ်ထုတ်ခံရတဲ့ကျေးရွာအုပ်စုတွေမှာက ရခိုင်အမျိုးသားပါတီက သောင်ပြိုကမ်းပြိုနိုင်မယ့်နေရာတွေပါ။”ဟု ဦးထွန်းအောင်ကျော်က ရှင်းပြသည်။

S-08