News

POST TYPE

2020 ELECTION

အမိန့်ညွှန်ကြားချက်များကို လျစ်လျူရှုမဲဆွယ်နေမှုများကို ထိရောက်စွာအရေးယူပေးရန် UNA နှင့်မိတ်ဖက်အဖွဲ့ အစည်းများက ကြေညာချက်ထုတ်
12-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁၂ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် တားမြစ်ကန့်သတ်ချက်များကို လျစ်လျူရှုပြီး မဲဆွယ်နေမှုများကို ထိရောက်စွာအရေးယူပေးပါရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အဖွဲ့ (၉၈)ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)သည် တိုင်းရင်းသားနိုင်ငံရေးပါတီများဖွင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီကြီးအချို့၏ ဝန်းရံသူ ပြည်သူများက စည်းကမ်းမဲ့ပြုမူလျက်ရှိသည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ထိရောက်စွာအရေးယူဆောင်ရန်၊ နိုင်ငံရေးပါတီကြီးအချို့၏ တရားမဲ့ပြုကျင့်မှုများဖြစ်သည့် လွတ်လပ်စွာ စည်းရုံးဟောပြောမဲဆွယ်ခွင့်ကို အနှောက်အယှက်ပြုခြင်း၊ပါတီဆိုင်းဘုတ်နှင့် ကိုယ်စားလှယ်လောင်းကြော်ငြာဆိုင်းဘုတ်များ အချိန်နှင့်တပြေးညီစိုက်ထူခွင့်မရအောင် ဥပေဒကို လက်တစ်လုံးခြားပြု၍ ခြိမ်းခြောက်တားမြစ်မှုများအပြင် စိုက်ထူထားပြီးသည့် ပါတီဆိုင်းဘုတ်နှင့် ကိုယ်စားလှယ်လောင်းကြော်ငြာဆိုင်းဘုတ်များအား မသမာသူတို့က အကြိမ်ကြိမ်ဖျက်ဆီးခြင်းတို့အား အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အသီးသီးက အချိန်မီတည့်မတ်ထိန်းကျောင်းပေးကြရန် တိုက်တွန်းတောင်းဆိုပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

"အဓိက ကတော့တိုက်ပွဲတွေလည်းမရပ်ဘူး၊ရှမ်းမြောက်မှာတောင်ဆက်ဖြစ်လာတယ်ဆိုတော့ တိုက်ပွဲအပေါ်မှာ စိုးရိမ်တာလည်းပါတယ်။စစ်ဘေးရှောင်တွေကလည်း နိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေတယ်။ ရွေးကောက်ပွဲနီးလာပြီဆိုတော့ သူတို့အတွက် မဲပေးပိုင်ခွင့်ကို ဘယ်လိုလုပ်မလဲ၊ နောက်ပြီးတော့ရွေးကောက်ပွဲမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အမြင်မတော်တာလေးတွေကို ပြောချင်လို့ထုတ်ပြန်လိုက်တာပါ" ဟု UNA နည်းပညာအကြံပေးဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများ ချက်ချင်းတွေ့ဆုံဆွေးနွေးရန်၊ ရခိုင်ပြည်နယ်တွင် သိန်းချီရှိနေသည့် စစ်ဘေးရှောင်များနှင့် အခြားပြည်နယ်ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရန် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်နှုန်းမြင့်အင် တာနက်လိုင်းဖြတ်တောက်ထားမှုကို အမြန်ဆုံးပြန်ဖွင့်ပေးရန်၊ Covid-19 ရောဂါပိုးကူးစက်မှုကြောင့် အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိပဲ အတိဒုက္ခရောက်နေကြသည့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး မပြေလည်မှုနှင့် အထွေထွေအခက်အခဲများကြောင့် မလိုလားအပ်သည့် လူထုအုံကြွမှုကဲ့သို့သော အဖြစ်မျိုး မပေါ်ပေါက်ရလေအောင် အစိုးရအနေဖြင့် အထူးသတိပြုကိုင်တွင်ဆောင်ရွက်ရန် ဟူ၍ ဖော်ပြထားသည်။

"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ဦးသဘောထားပြောရရင်တော့ ဒီလောက်ကိုဗစ်ဖြစ်တယ်။ စစ်ပွဲဖြစ်တာ တော့လဲဖြစ်တာပေါ့၊ ကိုဗစ်ဖြစ်တာကို ကြည့်ရင် တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ရန်ကုန်မှာဖြစ်တာပေါ့။ ရွေးကောက်ပွဲကို စဉ်းစားရင်က တစ်ချို့ကပြောကြတယ်၊ရွေးကောက်ပွဲကိုရွှေ့တာတို့၊မရွှေ့တာတို့ပေါ့။ ရွှေ့တာ၊ မရွှေ့တာ စဉ်းစားမယ့်အစား ရန်ကုန်တိုင်းဒေသကြီးကို သီးခြားစဉ်းစားရင်ပေါ့။ ကိုဗစ်ဖြစ်နေတာ အများဆုံးက ရန်ကုန်လေ။ ထိန်းသိမ်းလို့တော်တော်ခက်နေတဲ့သဘောရှိတယ်ဆိုတော့ သူ့ကိုသီးခြားဆွဲထုတ်စဉ်းစားရင် ဘယ်လိုဖြစ်မလဲပေါ့။ အဲလိုတော့တိုက်တွန်းချင်တယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ဆိုသည်။

S-08