News

POST TYPE

2020 ELECTION

အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်ဟု တ စ ည ကြေညာချက်ထုတ်
16-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၅ 

Covid-19 ကပ်ရောဂါ အရှိန်မြင့်ကူးစက်မှုပြန့်ပွားနေသည့် အခြေအနေအရပ်ရပ်ကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကြေညာချက်ထုတ်ပြန်သည်။

Covid-19 ကပ်ရောဂါဖြစ်ပွားမှုသည် အမျိုးသားရေးအန္တရာယ်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခက်အခဲများကို ကြီးမားစွာရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ နိုင်ငံရေးပါတီအချို့၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများသည်လည်း ဥပဒေ၊ ညွှန်ကြားချက်များကို ဆန့်ကျင်လျက် လူစုလူဝေးများပြားစွာဖြင့် ဆောင်ရွက်လျက်ရှိရာ ကပ်ရောဂါကူးစက်ပြန့်ပွားနိုင်မှုအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေ ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

"ကိုဗစ်ကာလနဲ့ဆိုတော့ စည်းရုံးရေးလည်း ဆင်းလို့မရဘူး။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့စပြီးမကြေညာကတည်းက အစ်မတို့က ပြောထားတယ်။ နောက်ကို နှစ်လလောက်ဆုတ်ပြီး လုပ်ဖို့ပေါ့။ တကယ်တော့ ရွှေ့ဆိုင်းသင့်တယ်။ လွှတ်တော် သက်တမ်းနဲ့လည်းမီတယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက သုံးသပ်ပြောကြားသည်။

ရောဂါကူးစက်မှုနှုန်း၊ သေဆုံးနှုန်းများနေခြင်းသည် လွန်ခဲ့သော နှစ်ပတ်၊ သုံးပတ်ခန့်က ပြည်သူများ၏ နေထိုင်မှုကို ထင်ဟပ်စေကြောင်း၊ ယင်းနေထိုင်မှုကို ဆင်ခြင်ခြင်းအားဖြင့် နောက်ထပ်နှစ်ပတ်၊ သုံးပတ်ကြာသည့်အချိန်တွင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထိန်းသိမ်းနိုင်ခြင်းအားဖြင့် ရွေးကောက်ပွဲကို ပုံမှန်အတိုင်း ကျင်းပနိုင်မည်ဖြစ်ကြောင်း NLD ပါတီမှ ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

"ကျန်းမာရေးပြဿနာရှိမယ်။ ကျန်းမာရေးဝန်ထမ်းတွေ ပန်းလာမယ်။ နောက်တစ်ခါ စီးပွားရေးအရ ပြည်သူတွေ အခက်အခဲရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအကျပ်အတည်းပါ ထပ်ဆင့်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်အသစ်နဲ့ အဟောင်းရဲ့ သက်တမ်းဟာ မဆက်မိတဲ့အခါမှာ နိုင်ငံရေးတောင်းဆိုမှုတွေနဲ့ နိုင်ငံဟာပိုပြီးတော့ ရှုပ်ထွေးလာ နိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးတာဝန်ရှိသူများရဲ့ အဆုံးအဖြတ်ကို လိုက်နာမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

S-08