News

POST TYPE

2020 ELECTION

ပြည်သူ့ဒီမိုကရေစီပါတီ ဖျက်သိမ်းခံရ
01-Aug-2020

ရန်ကုန်၊ သြဂုတ် ၁


ပြည်သူ့ဒီမိုကရေစီပါတီ(People Democracy Party) ကို ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။


ပြည်သူ့ဒီမိုကရေစီပါတီသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင် အခြေ စိုက်ထားပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၄၃ ၊ကြေညာချက်အမှတ် ၄၉/ ၂၀၁၁ ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ ယာယီရပ်ဆိုင်းခံထားရကာ ယင်း ၃ နှစ်အတွင်း ပါတီတွင်းကိစ္စရပ်များ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄(ဂ)နှင့်အညီ ညွှန်ကြားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


“ကျွန်တော်တို့ပါတီ ခေါင်းဆောင်နှစ်ယောက် သဘောထားမတိုက်ဆိုင်တဲ့ကိစ္စပါ၊ အခုလိုဖျက်သိမ်းလိုက်တဲ့အပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ဖက်က မှန်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးသန်းထိုက်ဦးက ပြည်သူ့လုပ်သားစာစောင်မှာ မြစ်ကြီးနားကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆောင်ရွက်ရင်း၊ ရေးရင်းနဲ့ ဝန်ကြီးချုပ် ဦးလဂွန်ငိုင်ဆိုင်းနဲ့ ငြိပြီးတော့ထောင် ၄ နှစ်ကျသွားတယ်။ အဲဒီမှာ ၂၀၁၅ ရွေးကောက်ပွဲကျတော့ ဗဟိုကော်မတီခေါပြီး ဥက္ကဋ္ဌရွေးကျတော့ ကျွန်တော်က ဥက္ကဋ္ဌဖြစ်သွားတယ်။ သူထောင်ကပြန်လွတ်လာတော့ ကျွန်တော်တို့ကသူ့ကိုခေါ်တယ်။ အားလုံးသဘောတူရင် ဥက္ကဋ္ဌအဖြစ်ပြန်ပေးမယ်။ ကွဲလွဲမှုရှိရင် မဲခွဲကြမယ်ဆိုပြီးတော့ ခေါ်တာ။ အဆင်မပြေတာနဲ့ ပါတီညီလာခံလုပ်တော့ သူ့အုပ်စု၊ ကိုယ့်အုပ်စုဖြစ်ပြီး ပြဿနာတက်ရာကနေ ၃ နှစ် ယာယီရပ်ဆိုင်းခံလိုက်ရတာပါ” ဟု ပြည်သူ့ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်က ရှင်းပြသည်။


ပြည်သူ့ဒီမိုကရေစီပါတီသည် ယာယီရပ်ဆိုင်းထားသည့် ကာလကုန်ဆုံးသည်အထိ ပါတီတွင်းကိစ္စရပ်များအား ပြေလည်သည်အထိ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် ပါတီဖွဲ့စည်းပုံ၊ စည်းမျဉ်းနှင့်အညီ ပါတီဥက္ကဋ္ဌတစ်ဦးအား ပါတီညီလာခံကျင်းပပြုလုပ်၍ ရွေးချယ်တင်မြှေက်ခြင်းတို့ကို ကော်မရှင်ကညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိသဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၂၄/၂၀၂၀ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(င) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမှပယ်ဖျက်၍ ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယနေ့ချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သော ပါတီပေါင်း ၁၂၈ ပါတီရှိပြီး ဖျက်သိမ်းခဲ့သော ပါတီပေါင်း ၃၃ ပါတီရှိကြောင်း၊ တည်ဆဲမှတ်ပုံတင်ထားသောပါတီ ၉၅ ပါတီကျန်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရှိသည့်ပါတီ ၉၂ ပါတီရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံမှ သိရသည်။


S -08