News

POST TYPE

2020 ELECTION

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အဓိကထားယှဉ်ပြိုင်မည်
30-Jul-2020
ရန်ကုန်၊ ဇူလိုင် ၃၀ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားများပါတီအနေနှင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာနှစ်ခုကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးထွန်းမင်းက The Voice Daily သို့ ပြောကြားသည်။

“ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာကို အဓိကယှဉ်ပြိုင်မှာ။ အဲဒီပြိုင်မယ့်သူ နှစ်ဦးကိုလည်း ရွေးထားပြီးပြီ။ တခြားမဲဆန္ဒနယ်တွေ မပြိုင်တော့ဘူး။ ချင်းပြည်နယ်လည်း ပြိုင်မယ်။ ဘယ်နေရာမှာ ဘယ်သူတွေပြိုင်မယ်ဆိုတာတော့ အတိအကျပြောမရသေးဘူး။ အခုချိန်အထိ ရွေးနေတုန်းပဲ” ဟု ၎င်းကဆိုသည်။

ချင်းတိုင်းရင်းသားများပါတီသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျောက်အိုးတောင်ကျေးရွာတွင် အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ပါတီအမှတ်စဉ် ၁၁၈ ဖြင့် ခွင့်ပြုပေးထားသည့် ပါတီတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“ကိုယ်စားလှယ်ရွေးချယ်မှု အပိုင်းကတော့ မူဝါဒတွေ သတ်မှတ်ထားတာမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အရည်အချင်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီရင်ရွေးတယ်။ အခုရွေးထားတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကိုလည်း ရခိုင်ဆိုရင် ရခိုင်ပြည်နယ် ကော်မတီကရွေးတာ။ မကွေးလည်း မကွေးတိုင်းကော်မတီကရွေးတာ။ ချင်းပြည်နယ်လည်း သူတို့ဘာသာသူတို့ရွေးဖို့ ပြောထားတယ်” ဟု ဦးအေးထွန်းမင်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်ထားနိုင်သည့်ရက်ကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိလည်းကောင်း၊ တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ပြန်လည်ရုပ်သိမ်းလိုပါက သြဂုတ်လ ၇ ရက်မှ ၁၀ ရက်နေ့အထိလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်မည့်ရက်ကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်အထိလည်းကောင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ၁၁၆/၂၀၂၀ ဖြင့် ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

၂၀၁၀ ပြည့်နှစ် ပါတီတည်ထောင်ခွင့်ပြုပေးခဲ့သည့် အချိန်မှစတင်၍ ယနေ့အချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလျှောက်ထားခဲ့သည့်ပါတီပေါင်း ၁၂၈ ပါတီရှိခဲ့ပြီး ပယ်ဖျက်ခဲ့သည့်ပါတီပေါင်း ၃၂ ပါတီရှိကြောင်း၊ တည်ဆဲမှတ်ပုံတင်ထားသော ပါတီ ၉၆ ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့်ပါတီ ၃ ပါတီရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆက်သွယ်ဆောင်ရွက်လက်ရှိသော ပါတီ ၉၃ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S -08