News

POST TYPE

2020 ELECTION

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
30-Jul-2020
"မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကျဆင်းသွားတာ၊ ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာမယုံတော့တာ၊ အဲဒါ သိပ်အန္တရာယ်ရှိတယ်"



နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ The Voice Daily က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် သွားရောက်တွေ့ဆုံ၍ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice    : အဲဒီ မဲမပေးချင်တဲ့သူတွေကို ဘယ်လိုစည်းရုံးလုပ်ဆောင်သွားဖို့လိုမလဲ။
UKKK    : အဲဒီလောက်ကြိုးစားပြီးတော့ရလာတဲ့ မဲပေးခွင့်ကိုမဲမပေးချင်တော့ဘူး၊ မဲပေးလည်း ဘာမှထူးမှာမဟုတ်ပါဘူး ဆိုတဲ့သူတွေကို အပြစ်လို့မြင်မယ့်အစား ဘာကြောင့်ဒီလိုစိတ်ခံစားမှုဖြစ်လာသလဲဆိုတာ လေ့လာဖြေရှင်းတာမလုပ်ဘဲနဲ့ ဒီလူတွေကို သွားပြီး တိုက်ခိုက်နေတာ၊ အပြစ်ပြောနေတာ သဘာဝမကျဘူး။ အခု No Vote လို့ ပြောနေတဲ့သူတွေက ၂၀၁၅ တုန်းက တက်တက်ကြွကြွနဲ့ မဲပေးခဲ့တဲ့သူတွေ၊ မဲပေးဖို့နှိုးဆော်ခဲ့တဲ့သူတွေ။ဒါနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့မြင်တယ်။ ကျွန်တော်တို့ပါတီကို မဲပေးပါလို့စည်းရုံးနေတာ မဟုတ်ဘူး။ မဲပေးချင်စိတ် ပေါ်လာအောင်တော့ တိုက်တွန်းရမယ်။ ဒါက ခင်ဗျားတို့ရဲ့ တကယ့်အခွင့်အရေး၊ ၅ နှစ်မှာ ဒီတစ်ရက်ပဲရတာ။ ဒီတစ်ရက်မှာ ခင်ဗျားတို့ အရင်က မကြိုက်တဲ့ဟာတွေ အားမရတဲ့ဟာတွေကို ဖယ်ရှားပစ်နိုင်တယ်။ ပြောင်းလဲပစ်နိုင်တယ်။ ဒီအခွင့်အရေးကိုသုံးပါ။ ဒါ မကြိုက်ဘူးဆိုရင် ဒီထက်ကောင်းတဲ့ဟာ ရွေးခွင့်ရှိတယ်။ ဒီလိုပုံစံမျိုးနဲ့ရွေးလိုက်ရင် လွှတ်တော်ကလည်း လက်ညှိုးထောင်၊ ခေါင်းညိတ်မဟုတ်ဘဲနဲ့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဆွေးနွေးပြီးတော့ ငြင်းခုံပြောဆိုနိုင်တဲ့ လွှတ်တော်မျိုးဖြစ်လာအောင် ခင်ဗျားတို့မှာ အခွင့်အာဏာရှိတယ်။ အဲဒါ မဲပေးခြင်းပဲ။ မဲပေးပြီးတော့ ပြောင်းပစ်နိုင်တယ်။ အဲဒီလိုဖြစ်နေတဲ့လူတွေ၊ သက် ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့လည်းတွေ့ချင်တယ်။ ဆွေးလည်းဆွေးနွေးချင်တယ်။ 

Voice    : မဲပေးနှုန်းမြင့်လာအောင် ဘယ်လိုလုပ်လို့ရနိုင်လဲ။ 
UKKK    : မဲပေးနှုန်းတက်လာအောင်လုပ်ဖို့ဟာ မဲမပေးမနေရဆိုတာ ပြဋ္ဌာန်းထားတာမျိုး၊ မဲမပေးရင် နောက်ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရှိဘူး။ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်လည်းမရှိဘူး။ မဲမပေးရင် ဒဏ်ငွေ အစရှိသဖြင့်။ ဒါက အပြစ်ပေးပြီးတော့ မဲပေးအောင်လုပ်တာ။ နောက်တစ်ခုက မဲပေးနှုန်းတက်လာအောင်လို့ ကံစမ်းမဲဖောက်ပေးတာပေါ့။ တချို့ ပုဂ္ဂလိကကုမ္ပဏီတွေက မဲလက်မှတ်တွေကို ကံစမ်းမဲလက်မှတ်တွေလုပ်ပြီးတော့ ကုမ္ပဏီတွေကမဲပေးပွဲနဲ့ တွဲပြီးတော့ သူတို့ပစ္စည်းတွေကို ကြော်ငြာဝင်လုပ်တာ မျိုး။ ဒါလည်း မက်လုံးပေးပြီးတော့ မဲပေးအောင်လုပ်တာ။ နောက်တစ်ခုက အသိစိတ်ဓာတ်ခံယူချက်ကိုနှိုက်က မဲပေးခြင်းအားဖြင့် ငါတို့နိုင်ငံပြောင်းလဲပစ်နိုင်တယ်။ ငါတို့အတွက် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တယ်ဆိုပြီး ယုံကြည်လာအောင် ကြိုးစားတာမျိုးတွေ လုပ်လို့ရတယ်။

Voice    : မဲမပေးချင်စိတ်ဖြစ်သွားရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲမသိဘူး။ 
UKKK    : ဒီအခြေအနေ ပြောင်းသွားတာဟာ ၂၀၁၅ နဲ့ ၂၀ ကြားထဲမှာ ပြောင်းသွားတာ။ ဘာဖြစ်တာလဲဆိုတော့ စိတ်ပျက်သွားတာ။ မဲပေးလို့လည်း မထူးပါဘူးဆိုပြီးတော့ ဖြစ်သွားတာ။ ကိုယ့်ထမင်းကိုယ်စားရတာ။ မဲပေးပေး၊ မပေးပေး သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်နေတာပဲဆိုပြီး ဖြစ်သွားတာ။ မဲဆန္ဒရှင်တွေရဲ့ယုံကြည်မှု ကျဆင်းသွားတာ၊ ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာ မယုံတော့တာ၊ အဲဒါ သိပ်အန္တရာယ်ရှိတယ်။ မဲပေးချင်စိတ်မရှိတော့ဘူးဆိုတာက ရွေးကောက်ပွဲဝင်ပြိုင်တဲ့သူရော၊ မပြိုင်တဲ့သူရောရှုံးတာ။ နိုင်ငံရေး လောကတစ်ခုလုံးရော နိုင်ငံတော်အနေနဲ့ပါရှုံးတာ။ ဒါကြောင့် No Vote မိတ်ဆွေတွေကိုပြောချင်တာက ၅ နှစ်မှ တစ်ရက်တည်းရတဲ့အခွင့်အရေးကို ထိထိရောက်ရောက် အသုံးချနိုင်အောင်စဉ်းစားပါ၊ ပြန်ကြိုးစားပါ။ အဲဒီလိုဖြစ်ခြင်းရဲ့ အကြောင်းအရင်းတွေကို တာဝန်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက မလေ့လာဘဲနဲ့ မပြုပြင်ဘဲ နဲ့သွားရင်တော့ ကြာရင်နိုင်ငံရေးစနစ်အပေါ်မှာပါ ယုံကြည်မှုကျဆင်းလာလိမ့်မယ်လို့ သတိပေးချင်တယ်။ 

Voice    : ရွေးကောက်ပွဲမှာ ဘယ်လောက်ရာခိုင်နှုန်းမဲပေးမှ အထမြောက်အောင်မြင်လဲ။
UKKK    : အခုဟာ ၅၀ ရာခိုင်နှုန်းကျော်မဲမပေးရင် ရွေးကောက်ပွဲအထမမြောက်ဘူးဆိုတာ မရှိဘူး။ ဘယ်နှယောက်ပေးပေးရတယ်။ ဥပမာ သုံးယောက်မဲပေးလို့ နှစ်ယောက်ရရင်နိုင်တာပဲ။ အဲဒီလို အခြေအနေမျိုးကြီး ဖြစ်နေတယ်။ ဒီမိုကရေစီဆိုတာ လူအများစုဆိုတာ ၅၀ ရာခိုင်နှုန်းကျော်တာကို ဆိုလိုတာ။ အဲဒီလိုမဟုတ်တော့ ကျွန်တော်တို့ဒီမိုကရေစီရဲ့ အရည်အသွေးဟာ တန်ဖိုးဟာ တော်တော်ကိုကျသွားတာ။ ဒါကြောင့်မို့ မဲပေးနှုန်းတက်လာအောင် လက်ရှိစဉ်းစားဆုံးဖြတ်နေတဲ့ပုံစံတွေကို ပြန်မသုံးသပ်ရင် ကျွန်တော်တို့ ဒီလိုမဲပေးခွင့်ရအောင် အသက်တွေ၊ ဘဝတွေပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့ရဲဘော်တွေအတွက် တာဝန်မဲ့တယ်လို့ ခံစားရတယ်။ ဒါဟာ No Vote ကို ကန့်ကွက်နေတာမဟုတ်ဘူး။ No Vote ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို မဖြေရှင်းနိုင်တဲ့ နားမလည်နိုင်တဲ့ ခေါင်းဆောင်တွေကိုတော့ တာဝန်ရှိတယ်လို့ ပြောချင်တယ်။ 

Voice    : တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖွဲ့ထားတာမျိုးရှိလား။ 
UKKK    : မူဝါဒဆိုင်ရာ မဟာမိတ်ပုံစံမျိုး ဆွေးနွေးကြတာတွေရှိတယ်။ ၂၀၂၀ နဲ့ ၂၀၂၅ အတွင်းမှာ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့နယ်ပယ်တွေကို ဆွေးနွေးတဲ့အခါမှာ သူတို့လည်းသဘောတူတယ်။ သို့သော် တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပေါင်းစည်းမှုတွေလုပ်နေတဲ့အခါကျတော့ သူတို့ထဲမှာ အသားတကျဖြစ်ဖို့လည်း ကြိုးစားနေရတဲ့ အခြေ အနေဖြစ်တယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့က ၂၀၂၀ နဲ့ ၂၀၂၅ ကြားမှာတော့ ဆွေးနွေးထားတဲ့ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမှာပါ။ 

Voice    : ၂၀၂၀ နဲ့ ၂၀၂၅ ကြားမှာ ညွန့်ပေါင်း အစိုးရပုံစံမျိုး ဖြစ်ပေါ်လာနိုင်လား။ 
UKKK    : နိုင်ငံရေးဝေါဟာရတွေအပေါ် နားလည်မှုတွေကလွဲနေတယ်။ အတိုက်အခံဆိုရင် အစိုးရမလုပ်ရလို့ ဘာလုပ်လုပ်အပြစ်ပြောနေတဲ့ ဆန့်ကျင်ရမယ်ဆိုတဲ့ အနုတ်လက္ခဏာဆောင်တဲ့ပုံစံမျိုး စဉ်းစားသွားတာရှိတယ်။ သူကလည်း အစိုးရတစ်ဖွဲ့ကဲ့သို့ သူ့ရဲ့မဲဆန္ဒရှင်ကိုယ်စား လက်ရှိအစိုးရကို သူ့သဘောနဲ့သူ လုပ်လို့မရအောင် စောင့်ကြည့်ထိန်းကျောင်းနေတာ၊ သူကလည်း အနိုင်သာမရရှိတာ၊ သူ့ကိုထောက်ခံတဲ့သူတွေရှိတယ်။ အဲဒီတော့ ဒီပြည်သူတွေကိုယ်စား ကောင်းရင်ထောက်ခံချင်ထောက်ခံမယ်။ မထောက်ခံလို့ ဘာမှမပြောဘူးဆိုရင် အာဏာရတဲ့ပါတီ လုပ်နေတာအဆင်ပြေတယ်ပေါ့။ သို့သော် သူကပြောပြီဆိုရင်တော့ သူနဲ့အယူအဆမတူဘူး။ လုပ်နေတာတွေလွဲနေတယ်။ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ထောက်ပြခြင်းအားဖြင့် အနိုင်ရအစိုးရ သိနိုင်တယ်။ ညွန့်ပေါင်းလို့ပြောလို့ရှိရင် အနိုင်မရနိုင်လို့ အာဏာဖဲ့ပေးဖို့ တောင်းနေတာဆိုတဲ့ပုံစံမျိုး တစ်ခါတည်း ကောက်ချက်ချပစ်လိုက်တာ။ ကျွန်တော်တို့ပြောနေတဲ့အစိုးရသည် ညွန့်ပေါင်းဆိုတာထက် အမျိုးသားညီညွတ် ရေးအစိုးရတစ်ရပ် ပေါ်ပေါက်စေချင်တာ။ 

Voice    : ဘာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ပေါ်ပေါက်စေချင်တာလဲ။ 
UKKK    : ဘာကြောင့်လဲဆိုတော့ ဒီကာလမှာပဲ ကြည့်လိုက်၊ ပြဿနာအဟောင်းတွေကို မဖြေရှင်းနိုင်တဲ့အပြင် ပြဿနာအသစ်တွေ၊ အသစ်တွေ ထပ်ပေါ် လာတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာက ကိုယ်စားပြုမှုဆိုတာ ရွေးကောက်ပွဲနိုင်ခြင်း၊ မနိုင်ခြင်းနဲ့မဆိုင် ဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေရှိတယ်။ သို့သော် ရွေးကောက်ပွဲမှာကျတော့ သူက အနိုင်မရလိုက်ဘူး။ အနိုင်မရရင် ပြဿနာတွေကိုဝင်ရောက်ဖြေရှင်းခွင့်၊ ကိုယ်စားပြုခွင့်မရတော့ဘူး။ နိုင်ငံရေးအရ အစဉ်အလာသြဇာရှိတဲ့ပုဂ္ဂိုလ်က ရွေးကောက်ပွဲကြောင့် ဘေးဖယ်ခံလိုက်ရသလို ဖြစ်သွားတယ်။ နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှားတဲ့ ကိုယ်စားပြုမှုရှိတဲ့ ပုဂ္ဂိုလ်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရပ်ကသာလျှင် နိုင်ငံရဲ့ပြဿနာအဝ၀ကို ဖြေရှင်း နိုင်လိမ့်မယ်လို့ ပြောချင်တယ်။  

Voice    : အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ဘယ်လိုဖွဲ့စည်းလို့ရမလဲ။ 
UKKK    : အဲဒါက အမြော်အမြင်ရှိဖို့လိုတယ်။ အနိုင်ရတဲ့သူက ဦးဆောင်ခွင့်ရသွားမှာပဲ။ ဦးဆောင်ခွင့်ရသွားတဲ့အချိန်မှာ ဥပမာ ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားတန်းတူညီမျှရေးကိစ္စမှာ ဘယ်သူတွေ ဘယ်သူတွေ ပါသင့်တယ်၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဘယ်သူတွေ ဘယ်သူတွေပါသင့်တယ်။ ပဋိပက္ခအင်မတန်များတဲ့နိုင်ငံကို ပြန်လည်စုစည်းဖို့ဟာ ဆိုင်ရာဆိုင်ရာတွေမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ ကို ၂၀၂၀ အလွန် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုတဲ့ နေရာတွေမှာ ထည့်သွင်းနိုင်မှ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် တည်ဆောက်နိုင်မှ ဒီပဋိပက္ခတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ 

Voice    : အခု NLD အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုအပိုင်းကရော ဘယ်လိုရှိလဲ။
UKKK    : စစ်ရေးကို နားလည်ဖို့လိုတယ်။ စစ်ဘာကြောင့်ဖြစ်နေလဲဆိုတာ နားလည်ဖို့လိုတယ်။ နောက်တစ်ခုက ဒီကိစ္စဟာ စစ်ရေးပြဿနာလား၊ နိုင်ငံရေး ပြဿနာလားဆိုတာ အမြင်ရှင်းဖို့လိုတယ်။ ဒါက နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးကြောင့်မို့လို့ သဘောထားကွဲလွဲပြီးတော့ လက်နက်ကိုင်တာဖြစ်လာတာ။ လက်နက်ကိုင်ရင်းနဲ့မှ နောက်ပိုင်းအကျိုးစီးပွားကိစ္စတွေ ပါလာတဲ့ ကိစ္စတွေလည်း ရှိတာပေါ့။ သို့သော်ဇာစ်မြစ်ကတော့ နိုင်ငံရေးပြဿနာပဲ။ တိုင်းရင်းသားတွေကို လက်နက်မကိုင်ဘဲနဲ့ သူတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေကို ရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးကိုမပေးဘူး။ ရွေးကောက်ပွဲမှာ ချမှာပဲ၊ တိုင်းရင်းသားတွေနဲ့လည်း ပြိုင်မှာပဲ။ ဒါတိုင်းရင်းသားနေရာတွေမှာလည်း မရှောင်ဘူးဆိုရင် သူက Popular Vote နဲ့ အနိုင်ရသွားမယ်။ တိုင်းရင်းသားတွေမှာက ဆူးတွေစူးပြီး ကျန်ခဲ့တယ်။ ဒီမိုကရေစီဆိုတာ အနိုင်ရတဲ့သူက သူ့စိတ်ကြိုက်လုပ်လို့ ရသွားတဲ့စနစ်ပဲဆိုပြီးတော့ တိုင်းရင်းသားတွေက  ဒီမိုကရေစီကိုပါ မယုံကြည်ရင် သိပ်အန္တရာယ်ကြီးတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ အင်မတန်ခက်တယ်။ ယုံကြည်မှုပျက်လာတာက ဆယ်စုနှစ်ပေါင်းများစွာ ပျက်လာတာ။ 

Voice    : ရက် ၉၀ ကိစ္စအပေါ် တိုင်းရင်းသားဒေသတွေကနေရော ပြည်မတချို့ပါတီတွေကပါ ကန့်ကွက်ထားတယ်။ အဲဒီအပေါ် ဘာများပြောချင်လဲ။
UKKK    : နိုင်ငံရေးမှာ အခြေခံအကျဆုံးက လူနဲ့မြေကြီးပဲ။ လူဆိုတာက နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားတန်း တူညီမျှမှု၊ အသေးစိတ်ကတော့ အများကြီးပေါ့။ နောက်တစ်ခါမြေကြီး၊ မြေယာပိုင်ဆိုင်မှု၊ မြေယာ အသုံးချမှုဆိုတဲ့ကိစ္စ စသည်ဖြင့်ပေါ့။  လူနဲ့ မြေကြီးကတွဲနေတာ။ တိုင်းရင်းသားတွေက ဒီမြေပေါ်မှာတို့ ဘိုးဘွားဘီဘင်တွေ တစ်သက်လုံး အခြေချနေထိုင်ခဲ့တာ။ အခု မဲပေးခွင့်နဲ့တွဲလိုက်တဲ့အခါကျတော့ လူနဲ့ မြေကြီး နဲ့တွဲနေ ဘယ်လောက်ကြာကြာ တွဲနေလဲပေါ့။ အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ကိစ္စဟာ ကြီးမားတဲ့နည်းဗျူဟာတစ်ခုပဲ။ ရွေးကောက်ပွဲနီးမှ ရက် ၉၀ ကြိုပြီးတော့ လူတွေအပြောင်းအရွှေ့လုပ်ရင် ဘယ့်နှယ်လုပ်မလဲဆိုတဲ့ကိစ္စ၊ နှစ်နေရာပါနေတယ်၊ မပါဘူး၊ ဘယ်လိုစိစစ်မလဲ။ ကျွန်တော်တို့သာမန်လူတွေမှာ ကိန်းဂဏန်းမရှိဘူး၊ စာရင်းဇယားမရှိဘူး၊ လက်သန်းမင်ဆွတ်ထားရင်သာ မဲပေးပြီးသားလူလို့ သတ်မှတ်တာပဲရှိတယ်။ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ ကိုယ်စားမဲပေးသွားတဲ့သူတွေ ဘယ်နှယောက်ရှိလဲ အစရှိသဖြင့် အဲဒီလို အငြင်းပွားမှုတွေ ရှိနေတဲ့အချိန်မှာ ရက် ၉၀ နဲ့ မဲစာရင်း ထဲကိုပါ ခွင့်ပြုတယ်ဆိုတဲ့ကိစ္စဟာ တိုင်းရင်းသားတွေ ဘက်ကကြည့်ရင် သူတို့က နဂိုကတည်းက လူနည်းစု။ လူနည်းစုဖြစ်တဲ့နေရာမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ပဲဖြစ်ဖြစ်၊ ပြည်မကလာတဲ့သူတွေပဲဖြစ်ဖြစ် အဲဒီလူတွေက အဲဒီနေရာမှာ မဲပေးခွင့်ရရင် အဲဒီနေရာမှာရှိတဲ့ ဒီမိုကရေစီကပြောင်းသွားပြီ။ မဲပေးခွင့်အနည်းအများ ပေါ်မှာမူတည်ပြီး ဒီမိုကရေစီက ပြောင်းသွားတာ။

Voice    : အခုရွေးကောက်ပွဲမှာ မဲဆန္ဒရှင်များအနေနဲ့ ဘယ်လိုပါတီမျိုးကို ရွေးချယ်သင့်တယ်လို့ ယူဆမိလဲ။ 
UKKK    : ပါတီတွေအားလုံးကတော့ နိုင်ငံရေးလုပ်ချင်လို့ ပါတီထောင်ကြတာပေါ့။ ပါတီထောင်တဲ့အခါမှာတော့ သူတို့ရဲ့အခြေခံကျောရိုးက ဘာလဲဆိုပြီး လေ့လာဖို့လိုတယ်။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးအင်အားအပေါ်မှာ အခြေခံကျောရိုးတည်ရတာ။ နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအမြင်ရင့်သန်တဲ့သူတွေကို အမာခံထားပြီးတော့ ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ လူမှုရေးအားကောင်းတဲ့သူတွေ၊ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ အဲဒီလိုမျိုးပေါင်းပြီးတော့လုပ်ရင် ဝေဝေဆာဆာဖြစ်တယ်။ အဲဒီနယ်ပယ်အသီးသီးက အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပေါင်းစပ်လိုက်တယ်ဆိုရင်တော့ မဲဆန္ဒရှင်တွေအားကိုးလောက်တဲ့ နိုင်ငံရေးပါတီဖြစ်လာမှာပေါ့။

Voice    : အဓိကပြိုင်ဘက်ပါတီက ဘယ်ပါတီများ ဖြစ်မလဲမသိဘူး။
UKKK    : အဓိကကတော့ အာဏာရပါတီဆိုတာ ကျန်တဲ့သူတွေထက် တစ်ပန်းသာတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလုပ်ငန်းတွေလုပ်ရင်းနဲ့ ပါတီလုပ်ငန်းလိုလို အသွင်သဏ္ဌာန်မျိုးတွေဖြစ်တာရှိတယ်။ တကယ်တော့ အစိုးရတာဝန် ထမ်းဆောင်သွားပြီဆိုရင် ပါတီတာဝန်မဟုတ်တော့ဘူး။ ဒါက နိုင်ငံတော်တာဝန်ထမ်းဆောင်တာ ဖြစ်သွားပြီ။ အဲဒီတော့ နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ပါတီလုပ်ငန်းတာဝန်ဆောင်ရွက်သကဲ့သို့ ဖြစ်နေတာကိုက အခြားပါတီတွေထက် တစ်ပန်းသာနေတာပေါ့။

Voice    : မဲဆန္ဒရှင်တွေအပေါ် ဘာများပြောချင်တာရှိသေးလဲ။ 
UKKK    : အဓိကကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အဆုံးအဖြတ်ကတော့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လက်ခံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီကို ယုံကြည်လေးစားတဲ့သူတစ်ယောက်အနေနဲ့ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကို ယူရမှာပဲ။ သို့သော် မဲရလဒ်ရဲ့အရည်အသွေးဟာ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်မှုအပေါ်မှာ မူတည်တယ်။ တစ်ခါတလေမှာ အဟောအပြောကောင်းလို့တို့၊ လူကြိုက်များလို့ဆိုပြီးတော့ မဲပေးလိုက်ပြီးတော့မှ မမျှော်လင့်ဘဲဖြစ်သွားရတဲ့ အခြေအနေတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ခုက အလွန်ဆုံးစောင့်ရရင် ရွေးကောက်ပွဲသက်တမ်းတစ်ခုပေါ့။ နောက်တစ်ကြိမ်ဆိုရင် ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းရတယ်။ ဒါကြောင့်မိုလို့ ပြည်သူတွေကို တိုက်တွန်းချင်တာကတော့ သူပြောကိုယ်ပြော လွယ်လွယ်ကူကူလက်ခံပြီး ဆုံးဖြတ်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်မြို့နယ်၊ ကိုယ့်မဲဆန္ဒနယ်မြေအတွက် ကိုယ်စားပြုတင်လိုက်တဲ့ ပုဂ္ဂိုလ်ဟာပြည်ထောင်စုအဆင့်တင်လိုက်ပြီဆိုရင် နိုင်ငံတော်အဆင့် စဉ်းစားနိုင်တဲ့၊ ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ရဲ့လားဆိုတာကို သေသေချာချာလေ့လာပြီးတော့ ရွေးချယ်စေချင်တယ်။ မဲကတော့ ပေးဖြစ်အောင်ပေးပါ။ ဒီမိုကရေစီကို စိတ်မပျက်ပါနဲ့။ ကိုယ့်မြို့နယ်အတွက် ထိထိရောက်ရောက်လုပ်နိုင်မယ့်သူ၊ စွမ်းဆောင်ရ
ည် ရှိတဲ့ပါတီ၊ စွမ်းဆောင်ရည်ရှိတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ပေးကြဖို့၊ တိုင်းဒေသကြီးကတော့ တိုင်းဒေသ ကြီးအဆင့်ပေါ့။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုကျတော့ နိုင်ငံတော်အဆင့်စဉ်းစားနိုင်တဲ့သူပေါ့။ အဲဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ဖို့လိုတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ရွေးချယ်နိုင်ခဲ့ရင်လည်း သက်ဆိုင်ရာ မြို့နယ်အတွက် အင်မတန်တန်ဖိုးရှိတယ်။ ပြောရရင်တော့ တို့မြို့နယ်အတွက်တင်မကဘဲ နိုင်ငံတော်အတွက်ပါ လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်မျိုးကို တို့ကရွေးချယ်ပေးလိုက်နိုင်တယ်ဆိုတာ အင်မတန်ဂုဏ်ယူစရာကောင်းတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ သေချာစဉ်းစားပြီးတော့ ရွေးစေချင်တယ်။ သူပြောကိုယ်ပြော တွေနဲ့ ဆုံးဖြတ်တာမျိုး မလုပ်စေချင်ဘူး။ တကယ်လုပ်နိုင်တဲ့သူဆိုရင် ၅ နှစ်အတွင်းမှာ အများကြီးပြောင်းလဲပစ်နိုင်တယ်။ ဒါကြောင့်မို့ လေးလေးနက်နက်နဲ့ ရွေးချယ်ကြဖို့၊ မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။  

ဇော်မိုးလွင်