News

POST TYPE

2020 ELECTION

ရန်ကုန်တိုင်းတွင် ပထမအကြိမ် မဲပေးမည့် လူငယ်ခုနစ်သိန်းခန့်တိုး
28-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၇ 

ရန်ကုန်တိုင်းတွင် ပထမအကြိမ်မဲပေးနိုင်မည့် လူငယ်ခုနစ်သိန်းခန့်တိုးလာသည်ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောကြားသည်။

"တိုးတာက သဘာဝပဲ ၊၂၀၁၅ နဲ့ ၂၀၂၀ ဆိုကြားထဲ ၅ နှစ်တောင်ကြာတယ်။တစ်နှစ်နဲ့တစ်နှစ် ကလေးမွေးဖွားနှုန်းကိုပဲ ကြည့် တိုးတယ်။ကျောင်းတွေမှာလည်း မှတ်ပုံတင်တွေလုပ်ပေးတယ်။ အဲ့ဒီမှတ်ပုံတင်နဲ့ပဲ ၁၈ နှစ်ပြည့်ရင် အသစ်လုပ်ရတယ်။ အဲ့ဒါကိုပဲ အတည်ယူတယ်" ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောဆိုသည်။

ရန်ကုန်တိုင်းတွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများလာခြင်းကြောင့် မဲစာရင်းတွင် အမည်စာရင်းမပါခြင်း၊ မှတ်ပုံတင်နံပါတ် မပါခြင်း၊ ကွဲလွဲနေခြင်းများကို ပြည်သူများအနေနှင့်လာရောက် ပူးပေါင်းကြရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက တိုက်တွန်းထားသည်။

"မဲစာရင်းပေးပိုင်ခွင့်ရှိတာက ရန်ကုန်တိုင်းမှာ ၅၆ သိန်းလောက် ခန့်မှန်းခြေရှိပါတယ်။ အဲ့ဒီထဲမှာမှ ပထမအကြိမ်မဲပေးနိုင်မယ့် လူငယ် ခုနစ်သိန်းပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ကြေညာသွားမှာဖြစ်ပါတယ်" ဟု ဦးသိန်းလှိုင်က ထပ်မံပြောကြားသည်။

ရန်ကုန်တိုင်းတွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သား အများဆုံးမြို့နယ်မှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီးပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့နယ်ရှိလူဦးရေ၏ ၃၇ ရာခိုင်နှုန်းခန့်သာ မဲပေးခွင့်ရခဲ့သည့် အခြေအနေနှင့်ကြုံခဲ့ရခြင်းကြောင့် လာမည့် နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရအောင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်တိုင်းတွင် မဲပေးခွင့်ရှိသူ ဦးရေ ၅၆ သိန်းရှိသည့်အနက် မဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ တစ်သိန်းဝန်းကျင်ခန့်ရှိနေပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူမဲစာရင်း ပထမအကြိမ်ကို ဇူလိုင်လ ၂၅ ရက်နေ့ ကစ၍ ထုတ်ပြန်ပေးထားပြီးဖြစ်သည်။

သိင်္ဂီ (VOM)