News

POST TYPE

2020 ELECTION

NLD ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်သည့်ကိစ္စ မကျေနပ်သဖြင့် လာရောက်ကန့်ကွက်
28-Jul-2020


နေပြည်တော်၊ ဇူလိုင် ၂၇  

NLD ပါတီက ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ သူ့လူကိုယ့်လူထိုးထည့်သည်များရှိသည်ဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးခွန်မောင်စိုးက နေပြည်တော်ရှိ NLD ပါတီယာယီ ဌာနချုပ်ရုံးခွဲသို့ လာရောက်ကန့်ကွက်ခဲ့သည်။

ထိုသို့လာရောက်ကန့်ကွက်ခဲ့သော်လည်း ပါတီတာဝန်ရှိသူများနှင့်တွေ့ခွင့်မရသေးသည့်အတွက် ကန့်ကွက်စာတင်ခဲ့သည်ဟု ဦးခွန်မောင်စိုးက ဇူလိုင်လ ၂၇ ရက်နေ့က သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

"အုပ်စုဖွဲ့ပြီး သူ့လူထိုးထည့်၊ ကိုယ့်လူထိုးထည့် မအောင်မချင်းငါ့တပည့်ဆိုပြီး ဖြစ်နေတော့အခု ကျွန်တော်တို့ ဒီကို ရောက်လာတာပါ"ဟု နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ NLD ပါတီယာယီ ဌာနချုပ်ရုံးခွဲရှေ့တွင် ဦးခွန်မောင်စိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ယင်းကိစ္စကို ရှင်းလင်းပြောပြနိုင်ရေးအတွက် ပါတီယာယီဌာနချုပ်ရုံးသို့ စာရေးသားတင်ပြခဲ့သည့် ကိုယ်စားလှယ်လောင်းကိစ္စအပြင် မြို့နယ်အတွင်းဖြစ်ပေါ်နေသည့် လယ်ယာမြေကိစ္စများလည်း တင်ပြဖို့ရှိသည်ဟု ၎င်း၏အဆိုအရ သိရသည်။

အခြား ပြည်နယ်နှင့်တိုင်းများတွင်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေသည်။      

စွမ်းရဲထွဋ် (VOM)