News

POST TYPE

2020 ELECTION

၂၀၂၀ အထွေထွေရွေးကောက်ပွဲ USDP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ ဝင်ပြိုင်မည်
27-Jul-2020
မန္တလေး၊ ဇူလိုင် ၂၇

လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောကြားသည်။

ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ၎င်းကပြောဆိုသည်။

“ဘာ့ကြောင့်လည်းဆိုရင် ကျွန်တော်တို့ အစိုးရဖွဲ့နိုင်လို့ရှိရင် အတွေ့အကြုံရှိသောပုဂ္ဂိုလ်ကြီးများ နိုင်ငံကိုဦးဆောင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်တော်မှာဖြစ်တဲ့အတွက် ပါတီကလူကြီးတော်တော်များများ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်ဓဟု ဦးသိန်းထွန်းဦးက ရှင်းပြသည်။ 

လာမည့်ရွေးကောက်ပွဲတွင် USDP ပါတီမှ ကိုယ်စာလှယ်လောင်းတစ်ထောင်ကျော်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ရာ ယင်းကိုယ်စာလှယ်များတွင် ဒေါက်တာဘွဲ့ရ ၆၃ ဦးခန့်၊ ဘွဲ့ရ ၈၇၀ ကျော်၊ ဒီပလိုမာရရှိထားသူ ၅၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စာလှယ်လောင်းအမည်စာရင်းကို ဩဂုတ်လ ပထမပတ်အတွင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက အသိပေးထားသည်။ 

၂၀၂၀ ခုနှစ်အထွေထွေရွေကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

လက်ရှိတွင် မဲစာရင်းများကို ဇူလိုင် ၂၅ မှ ဩဂုတ်လ ၇ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင် ပထမဆုံးအကြိမ် ကပ်ထားကြေညာပေးထားသည်။ 

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွတ်တော်ကိုယ်စာလှယ်လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက် နေ့အထိ အမည်စာရင်းတင်သွင်းနိုင်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ရတီ