News

POST TYPE

2020 ELECTION

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဒုတိယဥက္ကဋ္ဌများ ရွေးကောက်ပွဲဝင်မဝင် ယခုရက်ပိုင်းတွင် ဆုံးဖြတ်မည်
19-Jul-2020


မန္တလေး၊ ဇူလိုင် ၁၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌများဖြစ်သည် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်၊ မဝင် ဇူလိုင်လ ၂၁ ရက်နေ့တွင်ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလာသီရိအားကစားကွင်း၌ ကျင်းပသော ၇၃ ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၁ ရက်နေ့ CEC အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တရားဝင်ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ရွေးချယ်ခံခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်တစ်ခုမှ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ပါတီတွင်း ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာလည်း မြို့နယ်အဆင့်ရွေးချယ်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရွေးချယ်မှု၊ ဗဟိုအဆင့်ရွေးချယ်မှုများ အဆင့်ဆင့်ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သည် အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေးကိစ္စရပ်များ၊ နယ်မြေစည်းရုံးရေးကိစ္စများကို ဇူလိုင်လ ၂ ရက်နေ့မှစတင်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

S-02

ဓာတ်ပုံ -မောင်ရဲနွေ