News

POST TYPE

2020 ELECTION

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အင်အားဖြင့် စည်းရုံးယှဉ်ပြိုင်မည်
18-Jul-2020

ရန်ကုန်၊ ဇူလိုင် ၁၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် လူငယ်အဖွဲ့အင်အားဖြင့် စည်းရုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ကလေးမြို့နယ် အထွေထွေအတွင်းရေးမှူး ဦးပုမ်ဆွင်းထန်က The Voice Daily သို့ ပြောကြားသည်။ 

“ဇိုမီးလူငယ်အဖွဲ့ဆိုတာ သီးသန့်ရှိပါတယ်။ အဲဒီသီးသန့်လူငယ်တွေကနေပြီးတော့ ခွန်အားစိုက်ပြီးတော့ လှုပ်ရှားမှာဖြစ်ပါတယ်။ ဒါက ပါတီကဏ္ဍနဲ့ဇိုမီးလူငယ်အဖွဲ့ ဖွဲ့စည်းတာတော့ မဟုတ်ပါဘူး။ ဇိုမီးလူငယ်သီးသန့်ရှိတာမို့ သူတို့အားပေးမှုနဲ့ သူတို့ရဲ့ပါဝင်မှုတော့ ယုံကြည်ပါတယ်။ ပါတီထဲမှာတော့ အမျိုးသမီးရေးရာဆိုပြီး သီးသန့်ဖွဲ့စည်းနိုင်တာတော့ မရှိသေးဘူး။ လူငယ်ပဲ ဖွဲ့စည်းနိုင်သေးတယ်” ဟု ၎င်းကဆိုသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ကလေးမြို့နယ်တွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇိုမီးတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး ပါတီ၏မူဝါနှင့်ကိုက်ညီသူနှစ်ဦးကို ရွေးချယ်ကာ ပါတီဗဟိုသို့ ပေးပို့ထားကြောင်း၊ ကလေးမြို့နယ်တွင် ဇိုမီးလူဦးရေ တစ်သိန်းဝန်းကျင်ရှိကြောင်း ယင်းပါတီထံမှသိရသည်။

“Covid-19 ကာလဖြစ်တဲ့အတွက် စည်းရုံးရေးလုပ်ဖို့ အစိုးရအနေနဲ့ဖွင့်ရင်တော့ အခက်အခဲတော့မရှိပါဘူး။ မဖွင့်ပေးနိုင်ဘူး ဆိုရင်လည်း အစိုးရလမ်းညွှန်ချက်အတိုင်းပဲ မလွန်ဆန်နိုင်ဘူး။ နှစ်ယောက်၊ သုံးယောက်စသည်ဖြင့် စည်းရုံးရမှာပဲ။ ဇိုမီးလူမျိုးတွေကို အဓိကပြောချင်တာက ကိုယ့်ပါတီကိုမဲပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့မဲတစ်ပြားနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်တယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ဦးပုမ်ဆွင်းထန်က တိုက်တွန်းပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ဆဲပါတီ ၉၆ ပါတီရှိကြောင်း၊ ယင်းပါတီများထဲမှ ၃ ပါတီကို ယာယီရပ်ဆိုင်းထားကြောင်း၊ တစ်နိုင်ငံလုံးတွင် စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၇၈ ပါတီရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်းတွင် စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၁၈ ပါတီရှိကြောင်း၊ ယခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူဦးရေ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S -08