News

POST TYPE

2020 ELECTION

အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ တွင် စတင်ကြေညာမည်
16-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၆

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူတို့၏ အခြေခံ မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကာ ကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါ မဲစာရင်းသည် အခြေခံပမာဏ မဲစာရင်းဖြစ်ပြီး ယင်းစာရင်းမှ အချက်အလက်မမှန်ကန်သည်များကို မဲဆန္ဒရှင်များအနေနှင့် လာရောက်ပြင်ဆင်နိုင်ရန် ကြေညာခြင်းဖြစ်သည်။

ပြည်သူများအနေနှင့် မဲစာရင်းတွင် မိမိအမည်ပါ/မပါ အချက်အလက်မှန်/မမှန်နှင့် မပါဝင်သင့်သူများ ပါဝင်နေသည်ကို တွေ့ရှိပါက အခြေခံမဲစာရင်း ကြေညာချိန် ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲထံ တင်ပြဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းသို့ မဲစာရင်းအမှားပြင်ဆင်သည့် ပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်းနှင့် မဲစာရင်းတွင် မပါဝင်သူများအနေနှင့် မဲပေးခွင့်ရမည်မဟုတ်ဘဲ မဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန် မဲစာရင်းလာရောက်ကြည့်ကြရန်လည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို လာမည့် ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နောက်ဆုံးထားတင်သွင်းနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ နောက်ဆုံးထား စိစစ်သွားမည်ဖြစ်ကြောင်းလည်း ကော်မရှင်ထံမှသိရသည်။

“လက်ရှိမှာတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေနဲ့ တွေ့ဆုံနေပြီးတော့ အခြေခံမဲစာရင်းကြေညာနိုင်ရေး သက်ဆိုင်ရာ မဲရုံးမှူးတွေ စနစ်တကျခန့်ထားရေးတို့ကို ဆွေးနွေးလုပ်ဆောင်နေပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတစ်ဦးက ဆိုသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကာ တစ်နိုင်ငံလုံး နိုင်ငံရေးပါတီ ၉၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

S-04