News

POST TYPE

2020 ELECTION

ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သတင်း အတည်မဟုတ်သေးဟု မုံရွာအောင်ရှင်ပြော
16-Jul-2020


နေပြည်တော်၊ ဇူလိုင် ၁၅

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရ သီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသောသတင်း အတည်မဟုတ်သေးကြောင်း NLD ပါတီဗဟိုမှ ပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားသည်။

“အဲဒါက ကျွန်တော်မသိဘူးဗျ။ တချို့ဟာတွေကို သိပ်တော့အတည်ကြီးတော့ မယူကြနဲ့ဦးနော်။ ဘာကြောင့်လဲ ဆိုတော့ အခုထိ ကျွန်တော်တို့ မသိသေးဘူး။ အဲ့ဒီကိစ္စကိုသိတာက ဥပမာ ဆိုပါစို့ သမ္မတကြီးဆိုရင် တာမွေမြို့နယ်ကပြိုင်မယ်ဆိုတဲ့ စာရင်းရှိတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ သိတယ်လေ။ ဒေါ်စုတော့ ကျွန်တော်တို့ မသိဘူး။ ဒေါ်စု ဘယ်ကပြိုင်မယ်၊ ဘာညာ အခုထိတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဝန်ထမ်းအများစုနေထိုင်သည့် ဥတ္တရသီရိ မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကစတင်ကာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေပြီး သတင်းစာအယောင်ဆောင် စာမျက်နှာတစ်ခုတွင်လည်း ပျံ့နှံ့လျက်ရှိသည်။

ယင်းသတင်းများ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအထိ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ကောလာဟလသတင်းအဖြစ် ပျံ့နှံ့နေဆဲဖြစ်သည်။

စွမ်းရဲထွဋ် (VOM)