News

POST TYPE

2020 ELECTION

ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အားလုံး ပါတီတာဝန်မှရပ်နားခံရ
14-Jul-2020

ပုသိမ်၊ ဇူလိုင် ၁၃

ဧရာ၀တီတိုင်း ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး ပါတီတာဝန်မှရပ်နားခံရကြောင်း ယင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ထံမှသိရသည်။

NLD ပါတီ၏ ဗဟိုကော်မတီမှ ဝါးခယ်မမြို့နယ် NLD ပါတီမြို့နယ် အလုပ်အမှုဆောင် ၂၁ ဦးကို ပါတီတာဝန် မှ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြောင်းမြခရိုင် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းက မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့သို့ နှုတ်ဖြင့် ဇူလိုင် ၁၂ ရက်နေ့က အသိပေးခဲ့ခြင်းဖြစ်ကြောင်း ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမျိုးမြင့်က The Voice Daily သို့ ပြောကြားသည်။

"အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ပါတီတာဝန်ကနေရပ်နားခံရတာဆိုတော့ စိတ်မကောင်းဖြစ်ရတယ်။ ခေါင်းဆောင်အမေစုနဲ့ ပါတီမူဝါဒကိုယုံကြည်လို့ ကိုယ်ကျိုးစွန့်လုပ်နေကြတဲ့သူတွေပါ။ ဒီလိုအချိန်မှာခုလိုလုပ်တာ ပါတီအတွက်မကောင်းပါဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် ၂၁ ဦး ပါတီတာဝန်များမှ ရပ်နားလိုက်ခြင်းကို ဇူလိုင်လ ၂ ရက်နေ့က ကျင်းပသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်အဝေး ဆုံးဖြတ်ချက်ဖြင့်  ဒေါက်တာအောင်မိုးညိုက လက်မှတ်ထိုး ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဝါးခယ်မမြို့နယ် NLD ပါတီ၏ မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး  ဦးအောင်ကြွယ်က ပြောကြားသည်။

"သူတို့တွေ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမရှိခဲ့ဘူးလို့ဆိုတယ်။ ဒါပေမဲ့ ပါတီတာဝန်ရပ်နားခံရတဲ့ဥက္ကဋ္ဌကို ပါတီအီးစီနဲ့ မြို့မိဖြိုဖအဖွဲ့က တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် နံပါတ် ၁ ဦးစားပေးရွေးလိုက်တာရှိတယ်။ ဒါကြောင့် မြို့နယ်အီးစီအားလုံးကို တာဝန်ရပ်နားလိုက်တာလားမသိဘူး" ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့ဝင်  မြို့မိမြို့ဖတစ်ဦးက ၎င်း၏ထင်မြင်ချက်ကို ပြောပြသည်။

ဝါးခယ်မမြို့နယ် NLD ပါတီမှ အလုပ်အမှုဆောင် ၂၁ ဦးကို ပါတီတာဝန်များမှ ရပ်နားလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဗဟို CEC တိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်အပါအဝင် တိုင်းဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ပါတီတာဝန်မှ ရပ်နားခြင်းခံခဲ့ရသော မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အနေနှင့် ပါတီအတွင်း စည်းလုံးညီညွတ်ရေး၊ ရွေးကောက်ပွဲအနိုင်ရရှိရေးတို့အတွက် ပါတီဗဟိုနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ 

R-04