News

POST TYPE

2020 ELECTION

ပြည်သူလူထုလက်ခံယုံကြည်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထားဟုဆို
10-Jul-2020
ရန်ကုန်၊ ဇူလိုင် ၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူလူထု လက်ခံယုံကြည်သူများကို ရွေးချယ်ထားကြောင်း မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဝင်းမော်ဦးက The Voice Daily သို့ ပြောကြားသည်။ 

"လွှတ်တော်မှာပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့မှာပဲဖြစ်ဖြစ် တာဝန်တွေပေးလာတဲ့အခါကျရင် လုပ်နိုင်ကိုင်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့သူ ဖြစ်ရမယ်ဆိုပြီး စဉ်းစားပြီးမှရွေးချယ်ထားတယ်" ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ လွန်ခဲ့သော ၃ လခန့်ကစတင်ပြီး အောက်ခြေမြို့နယ်အဆင့်ရှိ ပါတီဝင်များအားလုံး သတ်မှတ်အရည်အချင်းပြည့်စုံပါက မည်သူမဆို ကိုယ်စားလှယ်လောင်းအဆိုပြုနိုင်သည်ဟု ဖိတ်ခေါ်ကာရွေးချယ်ထားပြီး ခရိုင်ပြည်နယ်အဆင့်ဆင့်စိစစ်ကာ မဲဆန္ဒနယ်တစ်ခုလျှင် သုံးဦးနှုန်းဖြင့် ဗဟိုသို့ပေးပို့ထားကြောင်း၊ ယင်းရွေးချယ်ထားသည့်အထဲတွင် လူငယ်၊ လူလတ်များအပြင် အမျိုးသမီးများ၊ တိုင်းရင်းသားများလည်းပါဝင်ကြောင်း ကြံ့ခိုင်ရေးပါတီ၊ မွန်ပြည်နယ်ထံမှ သိရသည်။

"ပြည်နယ်အဆင့် စိစစ်ကြီးကြပ်ရေးကော်မတီဖွဲ့ပြီးတော့ အဆင့်ဆင့်အပြန်အလှန် စိစစ်လိုက်၊ လူတွေ့လိုက်အပြန်အလှန် သွားရင်းကနေ ပြည်နယ်အဆင့် ရောက်လာတယ်။ ပြည်နယ်အဆင့်ကနေ လွှတ်တော်တစ်ရပ်ကို သုံးယောက်ပေါ့။ ဥပမာ ပြည်သူ့လွှတ်တော်ဆိုလည်း သုံးယောက်၊ အဲဒီလိုလျာထား ပြီးတော့တင်ပေးလိုက်တယ်။ ဗဟိုရဲ့အတည်ပြုချက်ရမှ အမည်စာရင်းတင် သွင်းဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု ဦးဝင်းမော်ဦးကဆိုသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုနှင့်ပတ်သက်၍ ပါတီတွင်းစည်းရုံးရေးလုပ်ငန်းများ၊ မဲရုံများတွင် စောင့်ကြည့်မည့် မဲရုံကိုယ်စားလှယ်လောင်းများကို အဆင့်ဆင့်သင်တန်းပေးခြင်း၊ Covid-19 ကာလဖြစ်သဖြင့် ပြည်သူလူထုနှင့် အဆက်အသွယ်ပြတ် မသွားစေရန် ဆောင်ရွက်နေခြင်းအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် တိုင်းရင်းသားအပါအဝင် လူငယ်၊ လူလတ် ၂၀ ရာခိုင်နှုန်းခန့်ကို ရွေးချယ်ထားကြောင်း ဦးဝင်းမော်ဦးကဆိုသည်။

S-08