News

POST TYPE

2020 ELECTION

ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်တည်ဆောက်မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌပြော
09-Jul-2020


တောင်ငူ၊ဇူလိုင် ၉

သက်တမ်းတစ်နှစ်ပြည့်တော့မည်ဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနှင့်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်ကို မြှင့်တင်နေသည်ဟု ယင်းပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၉ ရက်နေ့တွင် ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တောင်ငူမြို့ရွှေဆံတော်ဘုရားအနောက်ဘက်မုခ် ရွှေကန်သာလမ်းတွင် ပြည်သူရှေ့ဆောင်ပါတီ တောင်ငူမြို့နယ်ရုံးခွဲ ဖွင့်လှစ်ခြင်းနှင့်ဆိုင်းဘုတ်တင်သည့်အခမ်းနားတွင် ဒေသခံပြည်သူများနှင့်ပါတီဝင်များကို အမှာစကားပြောရာ၌ ဒေါက်တာသက်သက်ခိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပါတီပုံရိပ်ကို ပြည်သူတွေထဲရောက်အောင် ဆိုရှယ်မီဒီယာပလက်ဖောင်းကတည်ဆောက်သလို သတင်းစာ နဲ့ ရုပ်သံသတင်းတွေမှာ အင်တာဗျူးတွေလုပ်ပြီးတည်ဆောက်နေပါတယ်။ ပါတီရဲ့မူဝါဒတွေကိုလည်း နိုင်ငံတစ်ကာဒီမိုကရေစီနိုင်ငံကြီးတွေက ပါတီတွေကို အကြိမ်ကြိမ်လေ့လာပြီးရေးဆွဲချမှတ်ခဲ့တာဖြစ်လို့ ပြည်သူတွေကို အသိပေးပြောပြချင်ပါတယ်”ဟု၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါက်တာ ဒေါ်သက်သက်ခိုင်သည် ယခင်က NLD ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းတစ်ဦးဖြစ်ပြီး ပါတီတာဝန်မှရပ်နားခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင်မှတ်ပုံတင်ခဲ့ပြီး လက်ရှိတွင်မြို့နယ်ရုံးခွဲပေါင်း ၈၀ ကျော် ဖွင့်လှစ်ထားပြီးဖြစ်သည်ဟု ယင်းပါတီမှတ်တမ်းများအရ သိရှိရသည်။

“ဒိုက်ဦးမှာ ပါတီရုံးခွဲဖွင့်တာ အခု PPP ပါတီလူမှုကွန်ရက်စာမျက်နှာမှာတက်နေပြီ။၊ တောင်ငူမှာလည်း ရိုက်ကူးရေးသမားတွေနဲ့ အချိန်နဲ့တပြေးညီရိုက်ကူးနေတာတွေ့ရတယ်”ဟု ဒေသခံသတင်းသမားတစ်ဦးက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး လတ်တလောတွင် ပါတီကိုယ်စားလှယ်လောင်း ၁၀ဝ ကျော်ကို စီစစ်နေကာ မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းပါတီက အသိပေးထားသည်။ 

R-02