News

POST TYPE

2020 ELECTION

အရည်အချင်းတူပါက လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးရွေးမည်ဟု မွန်ညီညွတ်ရေးပါတီဆို
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၈ 

၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းတူပါက လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီထံမှ သိရသည်။

“လူငယ်နဲ့အမျိုးသမီးတွေကို ရာခိုင်နှုန်းဘယ်လောက်ပါရမယ်ဆိုတာကို မူဝါဒချထားတာမရှိဘူး။ အဓိကက အရည်အချင်းတူလာလို့ရှိရင် အမျိုးသမီးနဲ့လူငယ်ကို ဦးစားပေးမယ့်လို့ပဲ ချမှတ်ထားတာရှိတယ်။ ဇူလိုင်လ တတိယပတ်လောက်ဆိုရင် သိရမယ်” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ လူငယ်ရေးရာတာဝန်ခံ မိစန္ဒီနွန်ကပြောကြားသည်။

လူငယ်ရေးရာတာဝန်ခံ မိစန္ဒီနွန်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရန် အမည်စာရင်းတင်သွင်းထားပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ပေ။

မွန်ညီညွတ်ရေးပါတီအနေနှင့်လူငယ်များ ဗလ ၅ တန် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပ ပညာရေးအဖွဲ့အစည်းများမှ ခေတ်မီပညာသင်ကြားရရှိရန် အားပေးကူညီရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ တန်းတူညီမျှသည့် အခွင့်အရေးရရှိရန်၊ ကဏ္ဍတိုင်း၏ ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ပါဝင်နိုင်ရေးရရှိရန်၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း မရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

“နိုင်ငံရေးမှာက လခမရဘူး။ ကိုယ့်ရဲ့မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီးတော့လုပ်ရတာ။ ပေးဆပ်ရတယ်။ အကုန်လုံး ပေးဆပ်နိုင်မှ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝင်လုပ်လို့ရတာ။ သူတို့မှာလည်း စားဝတ်နေရေး စိန်ခေါ်မှုတော့ရှိမှာပေါ့။ ၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာက လူငယ်တွေမရှိသလောက်ပဲ။ အခု ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ ပါဝင်မှုနည်းနည်းများလာပြီ။ ဒါပေမဲ့ အားရတဲ့အနေအထားတော့ မရှိသေးဘူး။ လူငယ်တွေမှာ အဓိကစိန်ခေါ်ချက်တစ်ခုရှိတယ်။ အဓိကကတော့ အမျိုးသားတွေပေါ့။ ၈၀ ရာခိုင်နှုန်းက မူးယစ်ဆေးထဲကို သွားနေတယ်” ဟု မိစန္ဒီနွန်က ရှင်းပြသည်။

S-08