News

POST TYPE

2020 ELECTION

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ သတ်မှတ်ပေးရန် ကယန်းအဖွဲ့အစည်းများ တောင်းဆို
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇ 

ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ သတ်မှတ်ပေးရန် ကယန်းအဖွဲ့စည်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တောင်းဆိုထားကြောင်း ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

ကယားပြည်နယ်တွင် ကယန်းလူဦးရေ ခြောက်သောင်းကိုးထောင်ကျော်ရှိပြီး ပြည်နယ်လူဦးရေ၏ သုည ဒသမ ၁ ရာခိုင်နှုန်းကျော်ရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်စွဲဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်သတ်မှတ်ရာတွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ပါဝင်ခြင်းမရှိသဖြင့် ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်းတို့က တောင်းဆိုခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဘာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မလိုက်နာသလဲ၊ ဘာဖြစ်လို့မပေးသလဲပေါ့။ မပေးရခြင်း အကြောင်းအရင်းကလည်း အခုထိအဖြေမပေးသေးတာ ခက်နေတာ။ ဘာဆက်လုပ်ဖြစ်မလဲဆိုတော့ အခြေခံဥပဒေခုံရုံး တက်ဖြစ်မလား၊ စဉ်းစားနေကြတုန်းပဲ ရှိသေးတယ်” ဟု ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး(၁) ဦးခွန်းကလေးမင်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူး၊ ရဝမ်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်း၊ ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ မွန်ပြည်နယ်တွင် ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်၊ ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်တွင် ဗမာ၊ ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါ၊ ကယန်း(ခ) ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်၊ ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S-08