News

POST TYPE

2020 ELECTION

သတ်မှတ်ထားသည့်လူဦးရေ မစည်းရုံးနိုင်သဖြင့် ၈၈ မျိုးဆက်ညီနောင်များပါတီ ဖျက်သိမ်းခံရ
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပါတီဝင်အင်အား ၁၀၀၀ (တစ်ထောင်) ပြည့်ရန် စည်းရုံးနိုင်ခြင်းမရှိသဖြင့် ၈၈ မျိုးဆက်ညီနောင်များပါတီ (THE 88 Generation Brotherhood Party) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၈၈ မျိုးဆက်ညီနောင်များပါတီသည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဦးထိန်လင်းအောင်ပါ ၂၀ ဦးက ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပါတီတည်ထောင်ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့က ပါတီအမှတ်စဉ် ၁၂၇ ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း၊ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)၊ ရွှေနှင်းဆီလမ်းတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ပါတီဖျက်သိမ်းခံရခြင်းနှင့်ပတ်သက်၍ ယင်းပါတီသို့ ဖုန်းဆက်ရာ ဆက်သွယ်၍ မရခဲ့ပေ။

၈၈ မျိုးဆက်ညီနောင်များပါတီသည် ဥပဒေသတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို သတ်မှတ်ထားသည့် ကာလအတွင်း စည်းရုံးမှုမပြုနိုင်သဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က)၊ ပုဒ်မခွဲ(၇)ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့ကကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၂၀/၂၀၂၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ)အရ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ပါတီဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍ နိုင်ငံရေးပါတီပေါင်း ၁၂၈ ပါတီခွင့်ပြုပေးခဲ့ပြီး ဖျက်သိမ်းခဲ့သည်ပါတီပေါင်း ၃၂ ပါတီရှိကြောင်း၊ ယင်းဖျက်သိမ်းခဲ့သည့် ပါတီများအတွင်းတွင် တစ်ပါတီတည်းအဖြစ်ပေါင်းစည်း၍ ဖျက်သိမ်းခဲ့သည့် ပါတီများလည်းပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S-08