News

POST TYPE

2020 ELECTION

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ပါတီလုပ်ငန်းများစတင်ဆောင်ရွက်
05-Jul-2020


ရန်ကုန်၊ ဇူလိုင် ၅

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အနေနှင့် နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) ကို နေပြည်တော်တွင် ဖွင့်လှစ်ပွဲကို ဇူလိုင်လ ၅ ရက်နေ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်များအနေနှင့် ပါတီလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကစတင်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီးနောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ပါတီ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ဦးဝင်းမြင့်တို့အနေနှင့် NLD ပါတီ၏ ပါတီစည်းရုံးရေးကိစ္စရပ်များ နယ်မြေစည်းရုံးရေး ကိစ္စရပ်များကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) ကို နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပါတီယာယီဌာနချုပ်ကို ရွေးကောက်ပွဲကာလအတွင်း ပါတီဌာနချုပ်အဖြစ် အသုံးပြုရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြီးသည့်အချိန်ထိ အငှားစာချုပ်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ရုံးခန်းကို ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်ကာ ရွေးကောက်ပွဲကော်မရှင်ထံလည်း အကြောင်းကြား၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အစိုးရထိပ်ပိုင်းခေါင်းဆောင်များအနေနှင့် ပါတီစည်းရုံးရေးလုပ်ငန်းများကို ယင်းသို့ဇူလိုင်လ ၂ ရက်နေ့မှ စတင်လုပ်ဆောင်နိုင်မည့် အခြေအနေကို ပြင်ပနိုင်ငံရေးပါတီများအနေနှင့် ဝေဖန်မှုများလည်းရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးနှင့် ဒုတိယဝန်ကြီးတစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

S-04