News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဟု ရွေး/ကော်ကြေညာ
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးနောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပါရှိသည်။ 

“ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ကနေ သြဂုတ် ၇ ရက်နေ့ နောက်ဆုံးတင်သွင်းရမယ်ဆိုတော့ အချိန်အရမ်းကပ်သွားတယ်။ အခုပဲ ဇူလိုင်၂ ရက်ဖြစ်နေပြီ။ ကျွန်တော်တို့ပါတီက ပြည်ထောင်စုပါတီဆိုတော့ ကချင်ပြည်နယ်ရဲ့ပြင်ပက လူထုနဲ့ကျကျနန ဘာမှမတွေ့ရသေးဘူး။ COVID-19 ကလည်းဖြစ်သွားတော့ လူထုနဲ့တွေ့ချိန်နည်းသွားတယ်။ လူထုကို အခြေခံမူတွေရှင်းပြဖို့၊ ခေါင်းဆောင်ရွေးဖို့၊ ကိုယ်စားလှယ်ရွေးဖို့က တော်တော်ကိုခဲယဉ်းသွားတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံးတော့ ပြင်ဆင်ရမှာပေါ့။ လူထုက နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိတယ်” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက သုံးသပ်ပြောကြားသည်။

အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)အရလည်းကောင်း၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) ပါ ဒုတိယဝန်ကြီးတစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများအရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်း ပမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလိုငှာ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ စည်းရုံးဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

S-08