News

POST TYPE

2020 ELECTION

သြစတြေးလျနှင့် အရှေ့ဖျားနိုင်ငံများရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး ဆက်သွယ်ကြရန် အကြောင်းကြား
01-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် သြစတြေးလျ၊ နယူးဇီလန်၊ ဖီဂျီ၊ မာရှယ်ကျွန်းစုနိုင်ငံတို့အပြင် အရှေ့ဖျားနိုင်ငံများတွင် နေထိုင်သော မြန်မာနိုင်ငံသားများအနေနှင့် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးသို့ ဆက်သွယ်ကြရန်တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် နိုင်ငံတစ်ဝန်းလုံး၌ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်ပေးရန်ရှိသဖြင့် ၎င်းတို့သံရုံးအနေနှင့်လည်း မဲဆန္ဒရှင်များထံမှ ပုံစံ ၁၅ များကိုစုစည်းလျက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့ရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ရွေးကောက်ပွဲကျင်းပမယ့် ရက်မကြေညာမီကတည်းက မဲပေးပိုင်ခွင့်ရှိသူတွေ ဖြည့်သွင်းနိုင်အောင် ပုံစံ ၁၅ တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ကြိုတင်ပေးထားရတာပေါ့။ ပုံစံထဲမှာတော့ ဘယ်နိုင်ငံမှာရောက်နေတယ်၊ ဘယ်ဒေသမှာရှိနေတယ်။ သူ့လိပ်စာလေးနဲ့၊ ပြီးတော့ သူ့မူရင်းမြန်မာနိုင်ငံမှာက ဘယ်မှာနေတယ်။ အဲဒါကို ကြိုတင်မဲပေးဖို့ဆိုပြီး ဖြည့်သွင်းပေးရတဲ့ပုံစံ ဖြစ်ပါ တယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ကြိုတင်မဲပေးလိုသူ မြန်မာနိုင်ငံသားများအနေနှင့် ချောမွေ့လျင်မြန်စွာ အပြန်အလှန်ဆက်သွယ်နိုင်ရန် [email protected] သို့ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့ ကြပါရန် မေတ္တာရပ်ခံကြောင်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၇(က)တွင် ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအတွက် ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးရမည်ဟု ဖော်ပြထားသည်။

S -08