News

POST TYPE

2020 ELECTION

ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး သံရုံးသို့ဆက်သွယ်ကြရန် ကြေညာ
01-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေးအတွက် တိုကျိုမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးသို့ ဆက်သွယ်ကြရန် ဇူလိုင်လ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေနှင့် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်မြေပြင်ပသို့ ရောက်ရှိနေသည့်အတွက် ကြိုတင်မဲလက်မှတ်ဖြင့်မဲပေးနိုင်ရန် သတ်မှတ်ထားသည့် ပုံစံ ၁၅ ကို ဖြည့်စွက်လျက် သံရုံးသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးနိုင်ရေးအတွက် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် အပြန်အလှန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးမည့်စာရင်းကို ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးပေးပို့ရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံပြင်ပရောက်နေသူတွေက ကြိုတင်ဆန္ဒမဲပေးဖို့ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးရမှာပေါ့။ ဆန္ဒမဲပေးတဲ့အခါမှာ မဲရုံကိုလာရောက် မဲမပေးနိုင်တဲ့အတွက် နိုင်ငံပြင်ပရောက်နေသူတွေအတွက်ကတော့ ကြိုတင်ဆန္ဒမဲပဲ ရယူရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၇(က)တွင် ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များသည် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများအတွက် ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးရမည်ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေနှင့် သံရုံးကိုဆက်သွယ်ပြီး အမည်(မြန်မာ/အင်္ဂလိပ်)၊ အမြဲတမ်းနေရပ်လိပ်စာ၊ (မြန်မာနိုင်ငံ)၊ လက်ရှိနေရပ်လိပ်စာ(ဂျပန်နိုင်ငံ)၊ ဆက်သွယ်နိုင်သည့် email လိပ်စာ၊ ဖုန်းနံပါတ်တို့ကို [email protected] သို့ ပေးပို့ကြရန်မေတ္တာရပ်ခံကြောင်း၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

S-08