News

POST TYPE

2020 ELECTION

မန္တလေးတိုင်း‌တွင် အမျိုးသားလွှတ်တော်‌‌နေရာ အပြောင်းအလဲဖြစ်
01-Jul-2020


မန္တလေး၊ ဇွန် ၃၀

လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်း‌အတွင်း အမျိုး သားလွှတ်တော်‌နေရာအချို့ အပြောင်းအလဲရှိခဲ့ကြောင်း မန္တ‌လေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွက် အမျိုးသားလွှတ်တော်‌နေရာ တစ်နေရာ၊ မြင်းခြံခရိုင်အတွက် အမျိုးသားလွှတ်တော်နေရာ နှစ်နေရာရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော်‌နေရာခွဲဝေရာတွင် ပြင်ဦးလွင်ခရိုင်တွင် အမျိုးသားလွှတ်တော်နေရာ နှစ်နေရာရရှိခဲ့ပြီး မြင်းခြံခရိုင်တွင် အမျိုးသားလွှတ်တော်‌တစ်နေရာ သာရရှိတော့ကြောင်း မန္တ‌လေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

"အမျိုးသားလွှတ်တော်‌မဲဆန္ဒနယ်က လူဦးရေကို အခြေခံတယ်။ လူဦးရေကို အ‌ခြေခံပြီးတော့မှ ခွဲတဲ့အတွက်မဲဆန္ဒနယ်မြေ ပြောင်းသွားတယ်။ အရင်တုန်းကတော့ မြင်းခြံက ပြင်ဦးလွင်ထက်များတယ်။ ဒီနှစ်ကျတော့ ပြင်ဦးလွင်ကများ သွားတဲ့အတွက် ပြင်ဦးလွင်က ၂ နေရာရတယ်။ မြင်းခြံက တစ်နေရာပဲရတော့တယ်"ဟု ၎င်းကရှင်းပြသည်။

အမျိုးသားလွှတ်တော်‌နေရာသည် လူဦးရေကိုအ‌ခြေခံပြီးခွဲခြင်းဖြစ်ရာ ၂၀၂၀ ပြည့်နှစ်စာရင်များအရ ပြင်ဦးလွင်ခရိုင်တွင် စုစုပေါင်းလူဦးရေ ၈၇၆,ဝ၀ဝ ကျော်ရှိပြီး မြင်းခြံခရိုင်တွင် လူဦးရေ ၈၃၇,ဝ၀ဝ ကျော်ရှိကြောင်း ယင်းစာရင်းများအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက်မဲဆန္ဒနယ်မြေများကို ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

မန္တလေးတိုင်းတွင် အမျိုးသားလွှတ်တော်‌ ၁၂ နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၃၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်‌နေရာ ၅၆ နေရာ၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် တစ်‌‌နေရာရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူခဲ့သည့် အခြေခံမဲစာရင်းများအရ မန္တလေးတိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၅ သိန်းကျော်ရှိနေကြောင်း၊ ယင်းစာရင်းတွင် တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်စာရင်းများ မပါဝင်ကြောင်း မန္တ‌လေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။  

ရတီ