News

POST TYPE

2020 ELECTION

COVID-19 ကပ်ရောဂါကာလတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် အခက်အခဲဖြစ်ဟုဆို
30-Jun-2020
ရန်ကုန်၊ ဇွန် ၃၀ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် COVID-19 ကပ်ရောဂါကာလတွင် ကျင်းပမည်ဖြစ်သဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခက်အခဲဖြစ်ကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက The Voice Daily သို့ ပြောကြားသည်။

“အခုက လူစုလူဝေးမလုပ်ရဘူးဆိုပြီး ညွှန်ကြားချက်ကလည်း ထုတ်ထားတယ်။ ရွေးကောက်ပွဲကော်မရှင်ကိုမေးတော့လည်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း လုပ်ပါဆိုတော့ ခက်ပြီပေါ့။ ရွေးကောက်ပွဲလုပ်ဖို့ ၄ လအလိုမှာ လူစုလူဝေး မလုပ်ရဆိုတော့ ကျွန်တော်တို့ပါတီငယ်လေးတွေက သေပြီပေါ့” ဟု ၎င်းကရှင်းပြသည်။ 

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပါတီအမှတ်စဉ် ၁၂၄ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားရာ သက်တမ်း ၃ လကျော်ပြီးနောက် COVID-19 ကပ်ရောဂါကာလနှင့် တိုက်ဆိုင်နေသဖြင့် ပါတီဝင်များနှင့်တွေ့ဆုံခွင့်မရခြင်း၊ အစည်းအဝေးများ လုပ်ဆောင်ခွင့်မရခြင်းတို့ ကြုံနေရကြောင်း ယင်းပါတီထံမှ သိရသည်။ 

“လူတစ်ရာ့လေးငါးဆယ်လောက်စုပြီး ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပါတီရဲ့ဖွဲ့စည်းပုံတွေ၊ မူဝါဒတွေကို ရှင်းပြချင်သေးတယ်။ ကြေညာချင်သေးတယ်။ ပါတီဝင်တွေနဲ့တွေ့ဖို့ လိုတယ်” ဟု ဦးအောင်ကြည်ဝင်းကဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပြီး ကျင်းပမည့်ရက်အတိအကျကို ယခင်ရွေးကောက်ပွဲများတွင်ကြေညာသည့် အချိန်ကာလအတိုင်း ကြေညာမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၇ ပါတီရှိပြီး တစ်နိုင်ငံလုံးတွင် စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၇၉ ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းစည်းရုံးကာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ 

S-08