News

POST TYPE

2020 ELECTION

COVID-19 ကြောင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်အခဲများရှိလာမည်ကို ပါတီငယ်အချို့စိုးရိမ်
29-Jun-2020


မန္တလေး၊ ဇွန် ၂၉

COVID-19 ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အခက်အခဲများစွာရှိလာမည်ကို ပါတီငယ်အချို့က စိုးရိမ်နေကြသည်။ 

COVID-19 ရောဂါ ပြည်တွင်း၌စတင်တွေ့ရှိခဲ့သည်မှာ သုံးလကျော်လာပြီဖြစ်ကာ ကျန်းမာရေးဌာနအနေဖြင့် အမိန့်၊ စည်းကမ်း၊ သတ်မှတ်ချက်များကို ထပ်မံသက်တမ်း တိုး၊ မတိုးကို မသိနိုင်သေးကြောင်း မန္တလေးတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်စိုးက ပြောကြားသည်။

“ပါတီငယ်တွေအနေနဲ့ အစုအဖွဲ့လှုပ်ရှားမှုမှာ တော်တော့ကို ခက်ခက်ခဲခဲပြင်ဆင်ရမှာပါ။ ပါတီကြီးတွေက မြို့တွေ၊ နယ်ဒေသတွေမှာ အခြေခံပါတီရုံတွေ ရုံးစိုက်ပြီးသားဖြစ်နေတော့ လူအင်အား၊ စည်းရုံးမှုအင်အားကအစ အဖက်ဖက်က အသာစီးရနေပြီးသားပါ။ ပါတီစုံဒီမိုကရေစီဖြစ်ဖို့ ပြည်သူလူထုအတွက် အမှန်တကယ်ဆောင်ရွယ်မယ်ဆိုရင် ရတဲ့အချိန်မှာ ပြည်သူလူထုကြားကို အလျင်အမြန်ဝင်ပြီး စည်းရုံးရမှာပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ပြည်သူ့ပါတီအနေနှင့် သက်တမ်းတစ်နှစ်ကျော်ကာလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် မြို့နယ်ရုံးများ ဖွဲ့စည်းနိုင်ရန်ပင် ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရကြောင်းလည်း ဦးကျော်စိုးက ဆက်လက်ရှင်းပြသည်။

COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ခဲ့သော ကန့်သတ်တားမြစ်ချက်များအနက် အချို့သောတားမြစ်ချက်များကို ဖြေလျော့ပေးခဲ့ပြီး ဖြစ်သော်လည်း ညမထွက်ရအမိန့်(ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ) နှင့် လူစုလူဝေးမပြုလုပ်ရန် စသည့် ကန့်သတ်တားမြစ်ချက်တို့ကို COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းကြောင့် ပါတီငယ်များအနေဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို နိုဝင်ဘာလ (၈) ရက်ဟု သတ်မှတ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင်ကြေညာခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်းတင်သွင်းခြင်း၊ စိစစ်ခြင်းလုပ်ငန်းများကို သြဂုတ်လအတွင်း အပြီးဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလနှင့် စက်တင်ဘာလများကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် သတ်မှတ်ပေးခဲ့သည်။

COVID-19 ရောဂါ ကန့်သတ်ထိန်းချုပ်မှုကာလအတွင်း မြို့နယ်အခြေစိုက် ပါတီရုံးများဖွင့်လှစ်ခြင်းမှ အစပြု၍ ပါတီအင်အားစုဆောင်းခြင်းနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၊ မန္တလေးတိုင်းတာဝန်ခံ ဒေါက်တာ ဦးမျိုးဆက်သွေးက ပြောကြားသည်။

“ကိုဗစ်ကာလမို့ ပိုလုပ်နိုင်တာလေးတွေရှိသလို ဥပမာ-နှာခေါင်းစည်းဝေတာပေါ့။ အခြားသော လူထုအကျိုးပြုလုပ်ငန်းတွေကျ ထုတ်ပြန်ချက်အမိန့်တွေအရ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဒါက မဲဆွယ်ကာလ မဟုတ်သေးတဲ့အချိန်။ မဲဆွယ်စည်းရုံးရေး ကာလအထိသာ ဒီအမိန့်ဆက်ရှိနေရင် တော်တော်လေး ခက်ခဲမယ့်သဘောရှိတယ်။ လောလောဆယ်မှာကို ပါတီဝင်အင်အားစုဆောင်းတာနဲ့ လူထုအကျိုးပြု လုပ်ငန်းလေးတွေကအစ အခက်အခဲလေးတွေရှိတာပေါ့။ လုပ်မရတာမျိုးတော့ မဟုတ်ဘူးနော်။ အခက်အခဲရှိတာကိုပြောတာ။ လုပ်တော့ လုပ်နေကြပါတယ်” ဟု ၎င်းကရှင်းပြသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာထားပြီး မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ပါတီအရေအတွက် ၉၇ ခုရှိကြောင်း ယင်းကော်မရှင်က အသိပေးထားသည်။

ဘုန်းမြတ်